အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ပေါ်လို ဒိုင်ဘာလာက ယနေ့မနက် အစောပိုင်းမှာ အီတလီ စီးရီးအေ ပွဲစဉ်(၉) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိုးမား ၂-၁ လက်ချီပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရဖွယ် ရှိနေကြောင်း သိရပါတယ်။

စီးရီးအေ ပွဲစဉ်(၉) အဖြစ် ရိုးမားက လက်ချီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ခြေစွမ်းပိုင်းအရ အသာစီး ကစားနိုင်ခဲ့သလို ပွဲအစပိုင်းမှာပဲ စမောလင်းရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ရခဲ့ပြီးနောက် ရိုးမားရဲ့ ကစားပုံဟာ လျော့တိလျော့ရဲ ပြန်ဖြစ်သွားတာကြောင့် ပွဲချိန် ၃၉မိနစ်မှာပဲ လက်ချီရဲ့ တောင်ပံတိုက်စစ် ကစားသမား စထရီဖီဇာက သူ့အသင်းအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ကာ ပထမပိုင်းဟာ ၁-၁ ဆိုတဲ့ သရေရလဒ်နဲ့သာ ပွဲပြီးသွားခဲ့ရပါတယ်။

 

Photo Credit: Football Italia

ဒုတိယပိုင်းမှာတော့ အနိုင်ဂိုး လိုအပ်နေတဲ့ အိမ်ရှင် ရိုးမားက ပွဲကို အနိုင်ရဖို့ အတွက် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ဒုတိယပိုင်း ပွဲအစမှာပဲ လက်ချီ ကွင်းလယ်လူ အက်စ်ကဲဆန်က ရိုးမားတိုက်စစ်မှူး အေဗရာဟမ်ကို ဂိုးဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရိုးမားအနေနဲ့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး တိုက်စစ်မှူး ဒိုင်ဘာလာက အဆိုပါ ပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်းကာ ရိုးမားအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒိုင်ဘာလာက ပင်နယ်တီ ကန်သွင်းချိန်မှာပဲ ဘယ်ဘက်ပေါင်ဒဏ်ရာ ရသွားခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ဒိုင်ဘာလာဟာ ကွင်းထဲကနေ ချက်ချင်းဆိုသလို ထွက်ခဲ့ရသလို ပွဲအပြီးမှာလည်း ရိုးမားနည်းပြ မော်ရင်ဟိုက ဒိုင်ဘာလာရဲ့ ဒဏ်ရာဟာ ဆိုးရွားကြောင်းနဲ့ ဒိုင်ဘာလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရဖွယ် ရှိနေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football Italia

မော်ရင်ဟိုက – “ဒိုင်ဘာလာရဲ့ ဒဏ်ရာက အတော်လေးကို ဆိုးပါတယ်။ အတော်ကို ဆိုးရွားတဲ့ ဒဏ်ရာပါ။ ကျွန်တော်က ဆရာဝန် တယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတွေ့အကြုံရယ် ၊ ဒိုင်ဘာလာနဲ့ စကားပြောခဲ့တာတွေ အရ ပြောရရင်တော့ ဒိုင်ဘာလာဟာ ဒီနှစ်ထဲမှာ ထပ်ပြီး ကစားနိုင်တော့မယ် မထင်ပါဘူး” လို့ ဒိုင်ဘာလာရဲ့ အခြေအနေကို အသေးစိတ် ရှင်းပြသွားခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလထဲမှာ ကျင်းပဖို့ ရှိနေတာကြောင့် ဒိုင်ဘာလာကသာ ပေါင်ဒဏ်ရာကြောင့် ၂၀၂၂ကုန်ဆုံးတဲ့ အထိ အနားယူရမယ် ဆိုရင် ဒိုင်ဘာလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျိန်းသေပေါက် လွဲချော်သွားရမှာပါ။