အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ စီးရီးအေ နာမည်ကြီး အသင်းတွေ ဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ရိုးမားတို့ဆီကနေ စိတ်ဝင်စားမှုတွေကို ရထားပေမယ့် ဥရောပ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ လက်ရှိ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဆယ်ဦး စာရင်းဝင် တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Team Talk

ပေါ်လို ဒိုင်ဘာလာက ဂျူဗင်တပ်နဲ့လည်း စာချုပ်သစ် မချုပ်ဆိုတော့ဖို့ ယတိပြတ် ဆုံးဖြတ်ထားတာကြောင့် တခြားအသင်းတွေ အနေနဲ့ ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေကြပြီး အီတလီ စီးရီးအေ ကလပ်တွေ ဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ရိုးမားတို့က ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမယ့် ဒိုင်ဘာလာကတော့ ဂျူဗင်တပ်ကနေ ထွက်ခွာပြီးနောက် အီတလီ စီးရီးအေပြိုင်ပွဲမှာ ဆက်လက် ကစားဖို့ထက် အခြားနိုင်ငံ တနိုင်ငံဆီသာ ပြောင်းရွှေ့ ကစားဖို့ ပိုမို စိတ်အားထက်သန်နေပြီး လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဆိုပါတယ်။

Photo Credit: Team Talk

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာက ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဆီ ပြောင်းရွှေ့ ကစားဖို့ အိမ်မက် ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ သူ့ကို ခေါ်ယူဖို့ စိတ်မဝင်စားကြတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကသာ ဒိုင်ဘာလာ အတွက် အသင်းသစ် ဖြစ်လာနိုင်ချေ များပြားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက လာမယ့် နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဘာစီလိုနာကလည်း ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာကြောင့် သူတို့နှစ်သင်းရဲ့ အဆိုပါ ကြိုးပမ်းမှုတွေ မအောင်မြင်မှသာ ဒိုင်ဘာလာကို အစားထိုး ရွေးချယ်စရာ အဖြစ် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်လာဖွယ် ရှိပါတယ်။