လတ်တလောမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ စီးရီးအေကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ပေါ်လို ဒိုင်ဘာလာက သူဟာ လာမယ့်ရာသီမှာ ရိုးမားအတွက်ပဲ ဆက်လက် ကစားပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ ဂျူဗင်တပ်ကနေ ရိုးမားထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရိုးမားနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

ဒိုင်ဘာလာက နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရိုးမားအတွက် ပြိုင်ပွဲစုံ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မကြာသေးခင်ကမှ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနိုက ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့ကလည်း ဒိုင်ဘာလာကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit: Transfer Market

ဒါပေမယ့် ဒိုင်ဘာလာကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသေးပဲ ရိုးမားမှာ ပျော်ရွှင်နေတာကြောင့် ရိုးမားမှာပဲ နောက်ထပ် ၁ရာသီ ထပ်ကစားဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။ ဒိုင်ဘာလာက – “ကျွန်တော်က ရိုးမားမှာ ကစားခွင့် ရနေတဲ့ အတွက် ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့က အသင်းမှာ ဆက်နေဖို့ သေချာပါတယ်။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့တွေ ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ စလုပ်ပါတော့မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ဒိုင်ဘာလာဟာ ရိုးမားနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးပေမယ့် သူ့ရဲ့ စာချုပ်ထဲမှာ နိုင်ငံခြားအသင်းတွေက သူ့ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂သန်းထဲနဲ့ ခေါ်ယူနိုင်မယ့် အချက် ပါဝင်နေပါတယ်။