အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ ဂျူဗင်တပ် ၁-၁ တိုရီနိုပွဲစဉ်မှာ ဘယ်ခြေထောက် ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားမယ့် ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: CBS Sports

ဒိုင်ဘာလာဟာ ဂျူဗင်တပ် အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေနိုင်ပေမယ့် တိုရီနိုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ဘယ်ဘက် ခြေသလုံး ကြွက်သားဒဏ်ရာ ရခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် အနိမ့်ဆုံး တပတ် အနားယူရမယ့် အခြေအနေ ရှိနေကာ ဗီလာရီးရဲလ်နဲ့ ပထမအကျော့ ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး စပိန်မြေမှာ ကစားရမယ့် ပွဲစဉ်ဖြစ်တာကြောင့် ဂျူဗင်တပ်အနေနဲ့ အနည်းငယ် ရုန်းကန်ရဖွယ် ရှိနေပါတယ်။

Photo Credit: CBS Sports

ဒါပေမယ့် ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ ဒိုင်ဘာလာ မပါဝင်နိုင်မှု အပေါ် မစိုးရိမ်ပဲ သူတို့အသင်းဟာ မိုရာတာ ၊ ဗလာဟိုဗစ်တို့ရဲ့ နှစ်ဦးတွဲ တိုက်စစ်နဲ့အတူ အဝေးကွင်းမှာ ထိုက်သင့်တဲ့ ရလဒ်ကောင်း တခု ရယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ကဲ ဒိုင်ဘာလာ မပါဝင်နိုင်တဲ့ ပွဲမှာ အိုးလေဒီတို့ ရလဒ်ကောင်း ရယူနိုင်မလား ၊ ဒါမှမဟုတ် ရုန်းကန်ရမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။