မကြာသေးမီကမှ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်နဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ပေါ်လို ဒိုင်ဘာလာက ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရဖို့ သူ့ရဲ့ လုပ်ခလစာကို လျှော့ယူဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ဂျူဗင်တပ်ရဲ့ ကတိပျက်ကွက်မှုတွေကြောင့်သာ ဂျူဗင်တပ်နဲ့ လမ်းခွဲကာ အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေသူ ဖြစ်ပါတယ်။

Photo Credit: The Sun

ဒိုင်ဘာလာက တိုက်စစ်မှူး ၊ နောက်ချန်တိုက်စစ်နဲ့ ညာတောင်ပံနေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ အရည်အသွေးတွေကြောင့်ပဲ အီတလီ စီးရီအေ ထိပ်သီးကလပ် အင်တာမီလန်က သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဒိုင်ဘာလာကတော့ အီတလီမြေကို စွန့်ခွာကာ တခြားနိုင်ငံ တနိုင်ငံဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာတော့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ဆုံးရှုံးရတော့မယ့် မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဒိုင်ဘာလာရဲ့ အေးဂျင့်တို့ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင် ပြုလုပ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာက မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ အတော်လေး စိတ်ဝင်စားနေကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့်ရဖို့ သူ့ရဲ့ လုပ်ခလစာကို လျှော့ယူဖို့ ဆုံးဖြတ်ထားပြီး ဒိုင်ဘာလာရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်မှာ တနှစ် လုပ်ခလစာ ယူရို ၆သန်းသာ ရယူလိုကြောင်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကို အသိပေးထားတယ်လို့ သိရပါတယ်။

ဒိုင်ဘာလာက ဂျူဗင်တပ်မှာ တပတ် လုပ်ခလစာ ပေါင် ၂သိန်းကျော် (တနှစ် လုပ်ခလစာ ယူရို ၁၂သန်းကျော်) ရရှိနေသူ ဖြစ်တာကြောင့် သူက သူ့ရဲ့ လုပ်ခလစာကို တဝက်တိတိ လျှော့ချပြီး တပတ် လုပ်ခလစာ ပေါင် ၁သိန်းဝန်းကျင်နဲ့ပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာပါ။