ယခု နွေဈေးကွက် အတွင်းမှာပဲ ဂျူဗင်တပ်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာရဲ့ အေးဂျင့်တွေက အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ ခရီးမပေါက်ပဲ ကြန့်ကြာခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ကမ်းလှမ်းမှုတွေ လုပ်ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပေမယ့် အသင်းဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုမယ်လို့ ကတိပေးခဲ့ပြီးမှ ကတိကို ဖျက်ခဲ့တာကြောင့် ဂျူဗင်တပ်ကနေ ထွက်ခွာလာတဲ့ ထိပ်တန်း ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

လက်ရှိမှာ ဒိုင်ဘာလာက ဂျူဗင်တပ်ရဲ့ အဓိကပြိုင်ဘက် အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ဒိုင်ဘာလာနဲ့ အင်တာမီလန်တို့ရဲ့ ကြားမှာ ဆွေးနွေးမှုတွေ အဆင်မပြေ ဖြစ်နေကြောင်း အင်တာမီလန် ဥက္ကဌ မာရော့တာက အတည်ပြုပေးထားသလို ဒိုင်ဘာလာ ကိုယ်တိုင်ကလည်း အီတလီမြေမှာ ဆက်ကစားဖို့ထက် တခြားနိုင်ငံတွေဆီသာ ပြောင်းရွှေ့ ကစားလိုနေပါတယ်။

အင်တာမီလန်နဲ့ နီးစပ်သလို နာမည်ကြီး သတင်းဌာန တခုလည်း ဖြစ်တဲ့ Gazetta သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာရဲ့ အေးဂျင့်တွေက အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေကို ခေတ္တ ရပ်ဆိုင်းပြီးနောက် သူတို့ရဲ့ ကစားသမားကို စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: The Sun

ယခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ ရိုနယ်ဒိုကို လက်လွှတ် ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် ရိုနယ်ဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို စတင် ရှာဖွေနေပြီး ဒိုင်ဘာလာဟာ သူတို့အတွက် ရွေးချယ်စရာကောင်း တခု ဖြစ်နေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒိုင်ဘာလာရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှု အနည်းငယ် ပြုလုပ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။