ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ မက်ဆီလက်သစ် ဖြစ်လာနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအချိန် အသင်းမှာ နေရာပျောက်ဆုံးလို့နေတာကြောင့် ဆောင်းစျေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်ကနေ ထွက်ခွာသင့်ပြီး ဘာစီလိုနာအသင်း ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အသင်းတို့ကို ပြောင်းရွှေ့ကစားသင့်တယ်လို့ ပါလာမိုအသင်းရဲ့ ဥက္ကဌဟောင်း ဇမ်ပါရီနီက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျုဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ(၆)ပွဲ ပါဝင်ကစားထားခဲ့ရပြီး စီးရီးအေပြိုင်ပွဲအတွင်း တစ်ပွဲလေးပဲ ပွဲထွက်ကစားခဲ့ရပြီး ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာနဲ့ပွဲမှသာ ပွဲထွက်ကစားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေရတဲ့ ဒီဘားလားဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်း အသင်းကနေ ထွက်ခွာသွားသင့်တယ်လို့ သူရဲ့အသင်းဟောင်း ပါလာမိုရဲ့ ဥက္ကဌဟောင်းက ပြောဆိုလာခဲ့ပါတယ်။ ဇမ်ပါရီနီက “ဒီဘားလားကို မက်ဆီလက်သစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်အခုချိန်ထိ ယုံကြည်နေဆဲပါပဲ”

Photo Credit : AS English

“ဒီဘားလားက တကယ့်ကို အရမ်းထက်မြက်ကောင်းမွန်လှတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ဘာကြောင့်များ သူ့ကို နေရာမပေးကြတာလဲဆိုတာ နားမလည်နိုင်လောက်အောင်ပါပဲ။ ဒီဘားလားလို ကစားသမားမျိုးကို ပွဲထွက််ကစားသမားအဖြစ်နဲ့ အသုံးမပြုခြင်းက တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဒါကြောင့် ဒီဘားလားအနေနဲ့ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက ကျွန်တော်အကြံပေးခဲ့ စကားအတိုင်း လိုက်နာပြီးတော့ တူရင်ကနေ ထွက်ခွာသွားသင့်ပါတယ်။ ကျွန်တော် သူ့ကို ပြတ်ပြတ်သားသား ပြောထားပါတယ်။ ပေါ်လိုရေ မင်းအတွက် မင်းတွေးမယ်ဆိုရင် မင်းဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသင့်တယ်လို့။ သူရဲ့ဘောလုံးကစားပုံက အရမ်းလည်းကောင်းသလို စပိန်လာလီဂါက အသင်းတွေနဲ့ဆိုရင် အံံ့ဝင်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ပြောင်းရွှေ့ကစားသင့်ပါတယ်။ ဒါပေမယ့် သူက ဂျုဗင်တပ်စ်မှာ အဆင်ပြေနေတယ်လို့ပဲ ကျွန်တော့်ကို အမြဲတမ်းပြောနေတာ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီဘားလားဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်က ပါလာမိုအသင်းကနေ ဂျုဗင်တပ်စ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်တိုင်းလိုလို စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးခဲ့သလို မနှစ်က ဘောလုံးရာသီမှာလည်း စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ နည်းပြပီယာလိုလက်အောက် ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။