ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်သလို ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်ပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ သူ့ရဲ့ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တာကြောင့်ပဲ ဒိုင်ဘာလာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Standard

ဂျူဗင်တပ်ဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဒိုင်ဘာလာကို ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေက ဘဏ္ဍာရေး ကြပ်တည်းမှုကို အကြောင်းပြကာ ဒိုင်ဘာလာကို စာချုပ်သစ် ကမ်းလှမ်းခဲ့မှုအား ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

ဂျူဗင်တပ်ရဲ့ လုပ်ရပ်ကြောင့်ပဲ ဒိုင်ဘာလာက ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ ၊ အာဆင်နယ် ၊ စပါး ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ အသင်းတွေက ဒိုင်ဘာလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် နာမည်ကြီး အီတလီ သတင်းထောက်ဖြစ်သူ ဒီမာဇီယိုရဲ့ အဆိုအရတော့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်ကနေ ထွက်ခွာပြီးနောက် စပိန်မြေဆီ ခြေဆန့်ဖို့ စဉ်းစားနေကာ လတ်တလောမှာ ဇာဗီရဲ့ ဦးဆောင်မှုနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့က ဒိုင်ဘာလာရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။