MySport Myanmar

တော့တင်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ပယ်ချခဲ့တဲ့ ပေါ်လိုဒီဘားလား

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းနဲ့ပါ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့သူ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဆက်လက်ဖြတ်သန်းနေသလို တစ်ဖက်မှာလည်း သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ကလပ်အသင်းသစ်ကိုလည်း ရှာဖွေနေလျက် ရှိပါတယ်။

Photo Credit : TEAMtalk

အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ခုနှစ်ကမှ ပါလာမိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ (၇)ရာသီခန့် ဖြတ်သန်းခဲ့သလို ဒေသတွင်း ဆုဖလားအောင်မြင်မှုတွေလည်း များစွာရယူခဲ့ပြီးနောက်မှာ အသင်းနဲ့ ဆက်လက်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တဲ့ ဒီဘားလားဟာ ဂျုဗီနဲ့ လာဇီယိုတို့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ် အပြီးမှာ သူရဲ့အသင်းဖော်တွေနဲ့ အသင်းပရိသတ်တွေကို မျက်ရည်များနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီဘားလားလို အရည်အသွေးပြည့်ဝတဲ့ ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ ခေါ်ယူလို့ရနိုင်မှာဖြစ်လို့ ကလပ်အသင်းများစွာကနေ ဒီဘားလားကို ခေါ်ယူနိုင်ဖို့ ဆက်သွယ်မှုတွေ အပြိုင်အဆိုင် လုပ်ဆောင်လာခဲ့ကြပြီး အင်တာမီလန် အပါအဝင် မန်ချက်စတာယူနိုက်တက် အာဆင်နယ်နဲ့ တော့တင်ဟမ်အသင်းတွေကပါ ဒီဘားလားကို စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီအသင်းတွေထဲကမှ ဂျုဗင်တပ်စ်နည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ စပါးအသင်းက ဒီဘားလားကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်လာခဲ့ပေမယ့် ဒီဘားလားကိုယ်တိုင်ကတော့ စပါးကို ပြောင်းရွှေ့ဖို့ ပယ်ချခဲ့တယ်လို့ စပိန်အခြေစိုက် AS သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ဂျုဗင်တပ်စ်ကနေ ဒီဘားလားကို မခေါ်ယူနိုင်ခဲ့တောင်မှ ဆောင်းစျေးကွက်တုန်းက ဂျုဗီကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ဒီဂျန်ကူလူဆက်ပ်စကီးကိုတော့ အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

Exit mobile version