အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦးဖြစ်သူ ပေါ်လို ဒိုင်ဘာလာဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ ပါလာမိုကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Forbes

ဒါကြောင့်ပဲ ဂျူဗင်တပ်က ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ တောက်လျှောက်ဆိုသလို ကြိုးပမ်းခဲ့ပေမယ့် ဒိုင်ဘာလာ ကတော့ အသင်းရဲ့ သူ့အပေါ် တန်ဖိုးမထားမှုကြောင့် အသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ပဲ ရာသီကုန်ရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

နာမည်ကြီး သတင်းထောက်တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ဒိုင်ဘာလာကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၈သန်း ပေးချေပါ့မယ် ဆိုတဲ့ သဘောတူညီမှု တရပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းခဲ့တာကြောင့် ဒိုင်ဘာလာဘက်က ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Forbes

လက်ရှိမှာတော့ ဥရောပ အင်အားကြီးအသင်း အများစုက ပေါ်လို ဒိုင်ဘာလာကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့က ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေကြပါတယ်။