အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာ ကတော့ သူဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း နီးစပ်နေကြောင်း မယ်လ်မိုအသင်းအား အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အပြီးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြထားတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Daily Star

ဒိုင်ဘာလာနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ မရောက်ခင် ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး ဒိုင်ဘာလာကလည်း ဂျူဗင်တပ်အသင်းမှာသာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

လက်ရှိမှာတော့ လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းက ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျနေပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ဒိုင်ဘာလာကို လက်မလွှတ်ရစေဖို့ အစွမ်းကုန် ကြိုးစားနေကာ ဒိုင်ဘာလာကလည်း သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

Photo Credit: Daily Star

စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ဒိုင်ဘာလာက – “ကျွန်တော်က အမြဲတမ်း အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်တဲ့လူတွေ ဆွေးနွေးနေကြပြီး နှစ်ဖက်လုံးက အကောင်းမြင်ထားပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံး အနေအထားနဲ့ (စာချုပ်သစ် ချုပ်ဆိုခြင်း) ဆွေးနွေးမှုတွေကို အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။