ယခု နွေဈေးကွက် အတွင်းမှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက နာမည်ကြီးနည်းပြ မော်ရင်ဟို ရှိနေတဲ့ ရိုးမားဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ပါလာမိုကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သူပါ။

Photo Credit: Football Italia

ကနဦးမှာ ဒိုင်ဘာလာက အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ စိတ်ကူးခဲ့ပေမယ့် အင်တာမီလန်က သူတို့ရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ချယ်လ်ဆီးကနေ တရာသီအငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပြီးနောက် ဒိုင်ဘာလာကို ထပ်ခေါ်ဖို့ တွန့်ဆုတ်နေပြီး ဒိုင်ဘာလာကလည်း လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် သူ့အတွက် ပုံမှန် ကစားခွင့် ရရှိမယ့် အသင်းတသင်းဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

လက်ရှိမှာတော့ ဒိုင်ဘာလာရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးတို့ဆီ ပို့ဆောင်ပေးဖို့ ကြိုးပမ်းနေပေမယ့် အဆိုပါ နှစ်သင်းစလုံးက နံပါတ်၉ တိုက်စစ်မှူးတွေကိုသာ လိုချင်နေတာကြောင့် ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ မရှိသေးပဲ နာမည်ကြီး ထိပ်သီးနည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားကသာ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

Photo Credit: Football Italia

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ La Repubblica သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားနည်းပြ မော်ရင်ဟိုက ဒိုင်ဘာလာကို သူတို့အသင်းဆီ ပြောင်းလာဖို့ နေ့စဉ်နေ့တိုင်း ဆက်သွယ်ကာ စည်းရုံးမှုတွေ ပြုလုပ်ထားသလို ဒိုင်ဘာလာကလည်း သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာသလို မော်ရင်ဟိုလိုမျိုး ထိပ်တန်းနည်းပြ တဦးနဲ့ လက်တွဲရဖို့ ရှိနေတာကြောင့် ရိုးမားဆီ ပြောင်းရွှေ့ဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။