ရိုးမားအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လို ဒီဘားလားဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်အသင်းဖြစ်တဲ့ အယ်လ်ကတ်ဆီယာအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အလွန် နီးစပ်နေပြီဖြစ်ပြီး အယ်လ်ကတ်ဆီယာကလည်း ဒီဘားလားကို (၃)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် (၃၀)အရွယ်ရှိ တိုက်စစ်ကစားသမား ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းမှာ ကာလရှည်ကြာ ကစားခဲ့ပြီးနောက် ရိုးမားအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အခုတော့ ဒီဘားလားက ရိုးမားကနေ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဆီပါ ပြောင်းရွှေ့သွားတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Football Italia
ကနဦး သတင်းများအရ အယ်လ်ကတ်ဆီယာရဲ့ ကမ်းလှမ်းမှုကို ဒီဘားလားဘက်က ပယ်ချခဲ့ပေမယ့် ရိုးမားကတော့ အပြောင်းအရွှေ့ ဖြစ်လာအောင် ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့သလို ဒီဘားလားကို ရောင်းချပြီးရင် ဂျုဗင်တပ်စ်က ခေါ်ယူထားတဲ့ ဆိုလေးနဲ့ အစားထိုးဖို့ ရှိနေသလို ဆာဆူအိုလို ကစားသမားဟောင်း ဘိုဂါကို ခေါ်ယူဖို့ပါ ပြင်ဆင်နေပါတယ်။
အခုတော့ ဒီဘားလားကလည်း အယ်လ်ကတ်ဆီယာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် လက်ခံသွားတော့မှာဖြစ်ပြီး လုပ်ခလစာနဲ့ စာချုပ်စာတမ်း ကိစ္စတွေမှာလည်း သဘောတူညီခဲ့သလို နောက်ဆုံး အချက်အလက်တွေလောက်သာ ကျန်ရှိနေပါတော့တယ်။
Photo Credit : Sempreinter
ဒီဘားလားအတွက် သတ်မှတ်ထားတဲ့ ယူရို (၁၂)သန်းတန် စာချုပ်ဖျက်သိမ်းကြေးကတော့ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ ဒီဘားလားရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အယ်လ်ကတ်ဆီယာနဲ့ ရိုးမားအသင်းတို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။
ဆော်ဒီပရိုလိဂ် တန်းတက်ကလပ်အသင်းဖြစ်တဲ့ အယ်လ်ကတ်ဆီယာအသင်းဟာ ဒီနွေမှာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး အူဘာမီယန်း နာချို ကတ်စတီးလ်စ်နဲ့ အက်ဇီကီရယ်လ် ဖာနန်ဒက်ဇ်တို့ကို ခေါ်ယူဖြည့်တင်းထားခဲ့ပါတယ်။