ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလားဟာ လက်ရှိရာသီ(၂၀၁၉-၂၀) မှာ အသင်းဖော် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ပြီး စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိသွားခဲ့တာ ဖြစ်ပါတယ်လို့ လီဂါ စီးရီးအေ (Lega Serie A) အဖွဲ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။ လီဂါ စီးရီးအေ အဖွဲ့ဟာ ယခုအပတ် အင်္ဂါနေ့မှာ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးဆု ရရှိသွားခဲ့တာက ဂျုဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလား ဖြစ်တယ်လို့ ကြေညာခဲ့ပြီး အသင်းဖော် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ (၂) နှစ်ဆက်တိုက် ရရှိနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာလီဂါ ပြိုင်ပွဲကနေ စီးရီးအေ ပြိုင်ပွဲကို ရောက်လာခဲ့တဲ့ ပထမနှစ်မှာ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိနိုင်ခဲ့တာ ဖြစ်ပေမယ့် ဆက်ထိန်းနိုင်ခြင်း မရှိဘဲ လက်ရှိရာသီမှာ အသင်းဖော် ဒိုင်ဘာလားက ရရှိသွားခဲ့ပါတယ်။ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုတော့ ပါးမားအသင်းမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဂျုဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ဒီဂျန် ကူလူဆီစကီးက ရရှိခဲ့ပြီး လက်ရှိရာသီမှာ ဂျုဗင်တပ်အသင်းက တစ်ရာသီ အကောင်းဆုံးဆုတွေကို သိမ်းပိုက်ခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ်ဂိုးသမား ဆက်စနီက အကောင်းဆုံး ဂိုးသမားဆု၊ အင်တာမီလန်နောက်ခံလူ စတီဖန် ဒီရစ်ချ်က အကောင်းဆုံး နောက်ခံ ကစားသမားဆု၊ အတ္တလန်တာ ကွင်းလယ်လူ ဂိုးမက်စ်က အကောင်းဆုံး ကွင်းလယ် ကစားသမားဆု နဲ့ လာဇီယို တိုက်စစ်မှူး အမ်မိုဘိုင်းက အကောင်းဆုံး တိုက်စစ်မှူးဆု စသဖြင့် တစ်ကိုယ်တော်ဆုတွေ ကိုယ်စီ ရရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒိုင်ဘာလားဟာ လက်ရှိရာသီ စီးရီးအေ ပြိုင်ပွဲမှာ ဂျုဗင်တပ်အသင်းအတွက် ပွဲစဉ် (၃၃) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ထားခဲ့တာကြောင့် အသင်းရဲ့ သွင်းဂိုး (၂၂) ဂိုးမှာ အဓိက နေရာကနေ တိုက်ရိုက် ပါဝင်ပက်သက်ထားတာ ဖြစ်ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ လက်ရှိရာသီ စီးရီးအေ ပြိုင်ပွဲမှာ တစ်ကိုယ်တော်ဆု တစ်ခုမှ မရရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တွေ ဖြစ်ကြတဲ့ ဒိုင်ဘာလား၊ ဆစ်စနီ နဲ့ အငှားချ ကစားသမား ကူလူဆီစကီးတို့ကတော့ တစ်ကိုယ်တောဆုတွေ ကိုယ်စီ ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။