ယခုလ အစောပိုင်းမှာပဲ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ဂျူဗင်တပ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်တာမီလန် ၊ နာပိုလီနဲ့ ရိုးမားတို့က သူ့ကို အလွတ်နဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။

Photo Credit: Standard

ကနဦးမှာ ဒိုင်ဘာလာက ဂျူဗင်တပ်ကနေ ထွက်ခွာခဲ့ပြီးနောက် တခြားလိဂ်တခုဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးခဲ့ပေမယ့် လတ်တလောမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ ရှိမနေတာကြောင့် အင်တာမီလန် ၊ နာပိုလီနဲ့ ရိုးမားတို့ထဲက တသင်းဆီသာ ပြောင်းရွှေ့ ကစားဖို့ အကြောင်းဖန်လာခဲ့တာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ ရိုးမားနည်းပြ မော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက် ၊ စပါးတို့ကို ကိုင်တွယ်ခဲ့စဉ်မှာ ခေါ်ယူချင်ခဲ့တဲ့ ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကာ ရိုးမားဟာ ဒိုင်ဘာလာဘက်က တောင်းဆိုထားတဲ့ တနှစ် လုပ်ခလစာ ယူရို ၆သန်းကို ပေးချေဖို့ သဘောတူခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး နောက်ထပ် အပိုဆုကြေးတွေလည်း ထပ်မံ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလာကလည်း ရိုးမားရဲ့ ကမ်းလှမ်းမှုကို သဘောကျသလို မော်ရင်ဟိုနဲ့ လက်တွဲဖို့ စိတ်ကူးရှိတာကြောင့် ရိုးမားဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး ရိုးမားက ဒိုင်ဘာလာကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။