ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကတော့ ကိုရိုနာဗိုင်းရပ်ကာလအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ပြန်လည်သက်သာကောင်းမွန်နေပြီဖြစ်ပြီး မကြာခင်မှာပဲ အသင်းနဲ့လည်း လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းတွေ ပြန်လည်ပိုင်ဆိုင်လာတဲ့ ဒီဘားလားဟာ CNN သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ ဘာစီလိုနာအသင်းကို အမွှမ်းတင်ခဲ့ပြီး အဲ့ဒီအသင်းမှာ ကစားခွင့်ရရင် အရမ်းကောင်းမွန်လိမ့်မယ်လို့ပါ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဘာစီလိုနာအသင်းမှာ သူရဲ့အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားရမယ်ဆိုရင် အရမ်းကိုကောင်းလိမ့်မယ်လို့ အင်တာဗျူးအတွင်းမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီဘားလာက “ဘာစီလိုနာဆိုတာ ကမ္ဘာပေါ်မှာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကြီးဆိုတာ အမှန်ပါပဲ။ နောက်ပြီး သူတို့ဆီမှာ မက်ဆီလို ကစားသမားမျိုးပါ ရှိနေသေးတော့ အသင်းရဲ့အင်အားက ပိုလို့တောင် ကြီးမားနေသေးတယ်။ အဲ့ဒီမှာသာ မက်ဆီနဲ့ တွဲကစားရမယ်ဆိုရင်တော့ အကောင်းဆုံးအရာတွေ ဖြစ်လာနိုင်မှာပါ”

Photo Credit : Goal

“ဒါပေမယ့် ဂျုဗင်တပ်စ်ဆိုတာကလည်း အံ့မခန်းအသင်းတစ်သင်းပါပဲ။ ကလပ်အသင်းကြီးတစ်သင်း သမိုင်းကြောင်းကောင်းတဲ့အသင်း လက်ရှိမှာ တကယ့်ကို ကောင်းပေ့ဆိုတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးပါ။ အသင်းနှစ်သင်းစာ ပာမဏလောက်ရှိတဲ့ အရည်အသွေးမြင့် ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းပါ။ နောက်ပြီး အသင်းကို ပိုမိုခမ်းနားအောင် လုပ်ဆောင်ပေးနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို ဘူဖွန်တို့လို ကစားသမားတွေနဲ့လည်း ကျွန်တော်တွဲဖက်ကစားနေရပါသေးတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိလို့နေသေးတဲ့ ဒီဘားလားဟာ သူရဲ့စာချုပ်ကိစ္စရပ်နဲ့ပတ်သက်ပြီး လတ်တလောမှာတော့ ဘာမှဆွေးနွေးမှုတွေ မပြုလုပ်ရသေးပဲနဲ့ ရာသီကုန်မှသာ ဘာတွေဆက်ဖြစ်မလာမလဲဆိုတာကို သေချာသိရှိရမှာဖြစ်ကြောင်းနဲ့ နည်းပြတွေ အသင်းသားတွေ အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပေမယ့် ဒီမှာ ဆက်ရှိနေရမလားဆိုတာကတော့ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ပါကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။