MySport Myanmar

ယူနိုက်တက်က အိုဆီမန်ကို ရအောင် ခေါ်ယူသင့်ကြောင်း ဒွိုက်ယော့ခ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်က အသင်းရဲ့ လက်ရှိတိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရချိန်မှာ အသင်းအနေနဲ့ နာပိုလီအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို အစွမ်းကုန် ကြိုးပမ်းပြီး ခေါ်ယူသင့်ကြောင်း အကြံပြု တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယခုဘောလုံးရာသီထဲ ဂိုးသွင်းယူနိုင်မှုအပိုင်းမှာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်မှူး ဟွိုင်လန်းကလည်း ဂိုးပေါက်ရှာတွေ့ဖို့ အသည်းအသန် ရုန်းကန်နေရပါတယ်။ ဒီအခြေအနေကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့အတွက် ရွေးချယ်စရာ ကစားသမားတွေကို လိုက်လံ ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Caught Offside

ယူနိုက်တက်ဟာ လီယမ် ဒီလပ်၊ ဗစ်တာ ဂျိုကီရက်စ်၊ ဘန်ဂျမင် ဆက်စကိုတို့လို တိုက်စစ်မှူးများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း ဒွိုက်ယော့ခ်ကတော့ ယူနိုက်တက်အနေနဲ့ ဒီနွေရာသီမှာ နာပိုလီအသင်းရဲ့ အိုဆီမန်ကို ခေါ်ယူတာက ပိုပြီးအများကြီး ကောင်းမွန်လိမ့်မယ်လို့ အခိုင်အမာ အကြံပြုခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာ စဉ်းစားစရာမလိုတဲ့ ကိစ္စ ဖြစ်တယ်လို့တောင် တင်စားသုံးသပ်ခဲ့ပါတယ်။

Instant Casino သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံရာမှာ ဒွိုက်ယော့ခ်က “မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဗစ်တာ အိုဆီမန်ကို ဒီနွေရာသီမှာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘယ်တော့မှ မခေါ်တာထက်စာရင် နောက်ကျခေါ်တာကမှ တော်ပါသေးတယ်လို့ ပြောရမှာပါ။ လတ်တလော အပြောင်းအရွှေ့ကာလတွေမှာ နာမည်ကြီးကစားသမားကောင်းတွေကို ခေါ်ယူဖို့ ကလပ်အသင်းကို ဘယ်အရာက တားဆီးနေလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။” လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

Photo Credit : TEAMtalk

သူကဆက်ပြီး “ရက်စ်မတ်စ် ဟွိုင်းလန်းလိုမျိုး အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကို ဘာကြောင့် ခေါ်ယူခဲ့လဲ ဆိုတာကိုတော့ နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းက အဲ့ဒီထက်ပိုပြီး လိုအပ်နေပါတယ်။ သူတို့ အမှားတွေအများကြီး ကျူးလွန်ခဲ့ပြီး အခုအချိန်မှာ အဲ့ဒီအမှားတွေအတွက် ပြန်လည်ပေးဆပ်နေရတာပါပဲ။ အိုဆီမန်က ယူနိုက်တက်ရဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိပါ့မလားလို့ မေးလာခဲ့ရင်လား။လက်ရှိ အခြေအနေထက်တော့ ပိုပြီးမဆိုးနိုင်တော့ပါဘူးလို့ပဲ ပြောရမှာပါ။ သူက ကစားသမားဘဝအတွေ့အကြုံလည်း များနေပြီ။ စီနီယာ ကစားသမားတစ်ဦးလည်း ဖြစ်သလို သူကစားခဲ့တဲ့ အသင်းတိုင်းမှာ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့သူပါ။”

“မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးတစ်သင်းကို အခုအချိန်မှာ ပြောင်းရွှေ့လာဖို့ဆိုတဲ့ မျှော်လင့်ချက်က သူ့အတွက် နောက်ထပ်အောင်မြင်မှုတစ်ခုရဖို့ တွန်းအားပေးမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ အိုဆီမန်ကို ခေါ်ယူတာက စဉ်းစားနေစရာတောင်မလိုတဲ့ ကိစ္စပါပဲ။ ယူနိုက်တက်က အကျပ်အတည်းတစ်ခုထဲကို ရောက်ရှိနေပြီး အဲ့ဒီအခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ဖို့ လိုအပ်နေတာကြောင့် ဒါက စဉ်းစားစရာမလိုတဲ့ အပြောင်းအရွှေ့တစ်ခုလို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version