MySport Myanmar

အာနိုးကို ယူနိုက်တက်က အရ ခေါ်ယူသင့်တယ်လို့ ဒွိုက်ယော့ခ် တိုက်တွန်း

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ထရန့် အလက်ဆန်းဒါး အာနိုးအနေနဲ့ လီဗာပူးလ်မှာ မပျော်ရွှင်တော့လို့ အသင်းကနေ ထွက်ခွာမယ်ဆိုရင် သူ့ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ရအောင် ခေါ်ယူသင့်တယ်လို့ ယူနိုတက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ လီဗာပူးလ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် player တစ်ဦးဖြစ်ပြီး လီဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ် လက်ထက်မှာပဲ အာနိုးရဲ့ ကစားသမားဘဝက တဖြည်းဖြည်းနဲ့ကို တောက်ပလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

အခုဆိုရင် အာနိုးက ကမ္ဘာပေါ်က ညာနောက်ခံကစားသမားတွေထဲ အကောင်းဆုံးတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လို့နေပေမယ့် လက်ရှိ အာနိုးနဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ဖြစ်လို့ အာနိုးရဲ့ အနာဂတ် အခြေအနေတွေက အနည်းငယ် လှုပ်ခတ်လာခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က “ထရန့် အလက်ဆန်းဒါး အာနိုးက သူရဲ့ boyhood ကလပ်ဖြစ်တဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားချင်ပါ့မလားဆိုတာ ကျွန်တော် သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အခု လီဗာပူးလ်မှာက နည်းပြအပြောင်းအလဲ ဖြစ်ထားတဲ့ အကူးအပြောင်း အချိန်ဖြစ်တော့ နည်းပြသစ် ဆလော့လက်အောက်မှာ အာနိုးက ကွင်းလယ်လူအဖြစ်နဲ့ပဲ ကစားသွားရနိုင်တယ်။”

Photo Credit : Football365

“တကယ်လို့ ဆလော့လက်ထက်မှာ လီဗာပူးလ်အသင်းက performance ကောင်းတွေ မပြသနိုင်ဘူးဆိုရင် ဒီအခြေအနေအပေါ်မှာ အာနိုးလည်း မပျော်မရွှင် ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ မန်ယူနိုက်တက်အနေနဲ့က ဒီကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားသင့်ပါတယ်။”

“နောက်ပြီး လီရွိုင်း ဆာနေး မန်စီးတီးမှာ အရန်ခုံပဲ ထိုင်နေရပြီး အသင်းနဲ့ အဆင်မပြေ ဖြစ်နေတုန်းကလည်း ဒီကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်ကို ပထမဆုံး တိုက်တွန်းခဲ့တာကလည်း ကျွန်တော်ပါပဲ။ အခုတော့ ဒီကစားသမားက ဂျာမနီမှာ အကောင်းဆုံး ကစားသမားပါ ဖြစ်နေပါပြီ။ ဒါကြောင့် ဒီလို အလားတူမျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က အာနိုးကို ရဖို့ လုံးဝ ကြိုးပမ်းရပါမယ်။ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကြားမှာ ခါးသီးတဲ့ သမိုင်းကြောင်းတွေ ရှိနေသည့်တိုင် အာနိုးကို ခေါ်ယူရမယ့် အခွင့်အရေးမျိုး ရှိလာရင်တော့ လက်လွတ်မခံသင့်ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version