MySport Myanmar

လူကာကူကို ယူနိုက်တက် ပြန်ခေါ်သင့်တယ်လို့ ဒွိုက်ယော့ခ် အကြံပြု

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားဟောင်း ရိုမယ်လ်လူ လူကာကူကို ပြန်လည် ခေါ်ယူသင့်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

လူကာကူက လက်ရှိမှာ အင်တာမီလန်အသင်းနဲ့ အငှားစာချုပ် ပြည့်သွားပြီဖြစ်လို့ သူရဲ့မူလကလပ် ချယ်လ်ဆီးအသင်းဆီ ပြန်ရောက်နေပေမယ့် အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေပြီး ဒီဈေးကွက်အတွင်းမှာပဲ သေချာပေါက် ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူကို ဂျုဗင်တပ်စ် နဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင်ကတော့ သူ ကျင်လည်ခဲ့ဖူးတဲ့ စီးရီးအေမှာသာ ပြန်လည် ကစားသွားဖို့ ဆန္ဒရှိနေတာကြောင့် ဂျုဗင်တပ်စ်အသင်းဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ လူကာကူရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာခြင်း မရှိသေးပဲ ချယ်လ်ဆီးကတော့ သူတို့ ကစားသမားအတွက် ယူရို သန်း(၄၀)လောက်အထိ ရရှိမယ်ဆိုရင်ပင် တစ်ခါတည်း ရောင်းချသွားဖို့ အစီအစဉ် ရှိနေပါတယ်။

Photo Credit : Daily Mail

လူကာကူနဲ့ ပတ်သက်ပြီး ဒွိုက်ယော့ခ်က “ရိုမယ်လ်လူ လူကာကူက ထိပ်တန်း ကလပ်အသင်းတွေထဲမှာ ပါဝင် ကစားဖို့အတွက် လုံလောက်တဲ့ အရည်အချင်းတွေ ရှိနေတုန်းပါပဲ။ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတွေက ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

“လူတွေက လူကာကူအကြောင်း ဝေဖန် ပြောဆိုနေကြပေမယ့် သူ့မှာ အထင်ကြီးလောက်စရာ သွင်းဂိုး မှတ်တမ်းကောင်းလည်း ရှိနေပြီး ထိုက်သင့်သလောက်လည်း ချီးကျူးလည်း မခံခဲ့ရပါဘူး။ အသက်လည်း (၃၀)သာ ရှိနေသေးသလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူး ဆိုတာကိုလည်း သက်သေပြပြီးမို့ ကာလတိုသာ ခေါ်ယူမယ်ဆိုရင် သင့်တော်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့တော့ ထင်မိတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version