MySport Myanmar

အာဆင်နယ်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ဒတ်ချ် ဂိုးသွင်းစက် မီဒီမာ

အာဆင်နယ် အမျိုးသမီး ဘောလုံးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဗီဗီယန်နာ မီဒီမာနဲ့ လက်တွဲဖြုတ်သွားရတော့မှာ ဖြစ်တယ်လို့ အသင်းပိုင် တွစ်တာစာမျက်နှာကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး မီဒီမာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ် ကစားသမားဘဝ ဒုတိယမြောက် ရာသီမှာတော့ အတော်လေးကို အောင်မြင်ခဲ့ရပါတယ်။

Photo Credit : Eurosport

မီဒီမာဟာ အာဆင်နယ်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပြီး အသင်းနဲ့လည်း ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းခဲ့ပါသေးတယ်။ မီဒီမာဆိုတာ Women Super League ဆိုတဲ့ အင်္ဂလန် အမျိုးသမီး စူပါလိဂ် အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ထားနိုင်ခဲဲ့တဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၁၇၂)ပွဲ ပါဝင်ကစားခဲ့ရင်း စုစုပေါင်း သွင်းဂိုး (၁၂၅)ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း (၅၅)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့လည်း WSL ချန်ပီယံ (၁)ကြိမ် ဖြစ်ထားခဲ့သလို WSL ဂိုးသွင်းအများဆုံးဆုကိုလည်း (၂)ကြိမ်တိုင်တိုင် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Arsenal FC

ဒဏ်ရာ ပြသာနာဆိုးတွေရဲ့ ရိုက်ခတ်မှုကြောင့် တောက်ပနေတဲ့ ကစားသမားဘဝကနေ အနည်းငယ် မှေးမှိန်သွားခဲ့ရတဲ့ မီဒီမာဟာ အခုဆိုရင် အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ပင် အကြောင်းဖန်လာခဲ့ရပြီး (၇)နှစ်တာ ကြာမြင့်ခဲ့တဲ့ သူမရဲ့ အာဆင်နယ် ကစားသမားဘဝဟာလည်း အဆုံးသတ်ရတော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မီဒီမာလို ဒတ်ချ် ဂိုးသွင်းစက် ၊ ရော်ဘင် ဗန်ပါစီကို စံထားခဲ့တဲ့ ကစားသမား ၊ ဘားကင့်နဲ့ ဗန်ဘက်စတန်တို့ ရောထွေးထားတဲ့ ကစားဟန်မျိုးနဲ့ ကစားနိုင်သူကို လိုချင်မယ့် ကလပ်အသင်းတွေက အများအပြား ရှိနေမှာ သေချာနေပြီး ဘယ်အသင်းက မီဒီမာကို ခေါ်ယူသွားနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Exit mobile version