ဂျုဗင်တပ်စ်အသင်းဟာ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအသင်းကနေ အရခေါ်ယူသွားဖို့အတွက် အသင်းနှစ်သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့ပြီးတဲ့နောက် ကစားသမားနဲ့ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူထားနိုင်ခဲ့တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အသက်(၂၁)နှစ်အရွှယ် ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဗလာဟိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စီးရီးအေမှာ အတော်လေးကို တောက်ပနေသူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေသွင်းဂိုး(၁၇)ဂိုး သွင်းယူထားနိုင်ခဲ့ကာ စီးရီးအေ ဂိုးသွင်းအများဆုံးဆုအတွက် အီမိုဘီလီနဲ့ အပြိုင်ဖြစ်နေရပါတယ်။ စီးရီးအေပွဲပေါင်း (၉၈)ပွဲ ကစားထားပြီး (၄၄)ဂိုး သွင်းယူထားနိုင်တဲ့ ဗလာဟိုဗစ်ကို အာဆင်နယ်အသင်းကနေ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းတွေ ရှိခဲ့ပေမယ့် ဆိုးရွှားတဲ့ ဒဏ်ရာပြသာနာကြောင့် ခီယေဇာကို ကာလရှည်ကြာ အနားပေးရတော့မယ့် ဂျုဗင်တပ်စ်အသင်းက အာဆင်နယ်နဲ့အပြိုင် ဗလာဟိုဗစ်ကို ကမ်းလှမ်းလာချိန်မှာ နောက်ဆုံး ဂျုဗင်တပ်စ်က အသာရသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
တိုက်စစ် အရည်အသွေးမြင့်တဲ့ ဗလာဟိုဗစ်ကို ဂျုဗင်တပ်စ်အသင်းက ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ကစားသမားအတွက်ကိုတော့ တစ်နှစ်လုပ်ခလစာအဖြစ် ယူရို(၇)သန်း ပေးချေသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်အသင်းဟာ ဗလာဟိုဗစ်ကို ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ သိရှိထားရပေမယ့် ဒီထက်ပိုများတဲ့ စာချုပ်သက်တမ်းရှည်တစ်ရပ်ကိုလည်း ချုပ်ဆိုလာဖွယ် ရှိနိုင်ပါတယ်။ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ဗလာဟိုဗစ်ဟာ ဂျုဗင်တပ်စ်အသင်း အခြေစိုက်ရာ တူရင်မြို့ကို လာရောက်ပြီး ဆေးစစ်မှုတွေကို မကြာခင်မှာ လာရောက်ပြုလုပ်ဖွယ်လည်း ရှိနေပါတယ်။ အခုလို အသင်းကို ဗလာဟိုဗစ် ရောက်ရှိလာခဲ့တာကြောင့် ဂျုဗင်တပ်စ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အဲဗာရိုမိုရာတာ ပေါ်လိုဒီဘားလားတို့ရဲ့ အနာဂတ် အခြေအနေတွေ လှုပ်ခတ်လာဖွယ် ရှိနေသလို အသက်လက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ မိုရာတာကိုလည်း အငှားသက်တမ်း ပြည့်ချိန်မှာ သူရဲ့ကလပ်အသင်းဆီ ပြန်လည်စေလွှတ်ဖွယ် ရှိနေသလို အခုစျေးကွက် မပိတ်သိမ်းခင်မှာပဲ တစ်ခါတည်း အငှားစာချုပ်ကို ဖျက်သိမ်းဖွယ်လည်း ရှိနိုင်ပါတယ်။