ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေရဲ့ စာချုပ် အခြေအနေတွေကြောင့် တကယ်လို့ ဘာပေသာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် သူ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဂျုဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ပစ်မှတ်ထားလာတယ်လို့ ဖာဘရီဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : 90Min

လက်ရှိမှာ ဘာပေ နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့့အခြေအနေတွေက ထင်ထားတာထက် ပိုမို တင်းမာမှုတွေ ရှိနေပြီး ပီအက်စ်ဂျီကလည်း ဘာပေအနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ဖို့ သတိပေးထားခဲ့သလို ဘာပေကိုယ်တိုင်ကလည်း ပီအက်စ်ဂျီကို တိုက်ခိုက်တဲ့ စကားလုံးတချို့တွေ ပြောဆိုလာခဲ့ပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီက ဘာပေကို စာချုပ်သစ် ချုပ်ဆိုလို့လည်း မရ ရောင်းထုတ်လို့ပါ မရရင် ရာဘီယော့ကို လုပ်သလိုမျိုး အရန်အသင်းနဲ့ ကစားခိုင်းတာတွေအထိ လုပ်ဆောင်သွားဖို့ ရှိနိုင်ပြီး ဘာပေကလည်း သူ့စာချုပ် ကုန်ဆုံးချိန်ထိ ပီအက်စ်ဂျီမှာသာ ဆက်နေသွားနိုင်ပါတယ်။

Photo Credit : Bavarian Football Works

ဒီလို အခြေအနေသာ ဖြစ်လာမယ်ဆိုရင် ပီအက်စ်ဂျီက တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်လာမှာဖြစ်လို့ အူစမန် ဒမ်ဘီလီ ၊ ဗစ်တာ အိုဆင်မန် နဲ့ ဒူဆန် ဗလာဟိုဗစ်တို့လို တိုက်စစ် ကစားသမားတွေကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒမ်ဘီလီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တယ် ဆိုပေမယ့်လည်း ဘာစီလိုနာဘက်က ဒမ်ဘီလီနဲ့ သက်တမ်းတိုးဖို့ ကြိုးပမ်းနေသလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ပဲ ဆက်လက် လက်တွဲချင်နေပါတယ်။ အိုဆင်မန်ကျတော့လည်း နာပိုလီက သူတို့ ကစားသမားရဲ့ တန်ကြေးကို အဆမတန် ဈေးတင်ထားလျက် ရှိနေပါတယ်။

Photo Credit : Transfermarket

ဒီအချိန်မှာ ဗလာဟိုဗစ်ကတော့ ဂျုဗင်တပ်စ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဂျုဗီကလည်း သူ့ကို ရောင်းချကာ လူကာကူကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်လို့ ဗလာဟိုဗစ်က ပီအက်စ်ဂျီအတွက် ပစ်မှတ်ထားချင်စရာ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ဗလာဟိုဗစ်ကို ချယ်လ်ဆီး တစ်သင်းတည်းလောက်သာ စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် ချယ်လ်ဆီးက ဗလာဟိုဗစ်အတွက် ဂျုဗင် အလိုရှိနေတဲ့ ယူရို သန်း(၇၀) သန်း(၈၀)လောက်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒမရှိတာကြောင့် ပီအက်စ်ဂျီက ဘယ်လို ကမ်းလှမ်းမှုတွေနဲ့ ဗလာဟိုဗစ်ကို ချဉ်းကပ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။