အီတလီစီးရီးအေပြိုင်ပွဲမှာ အတော်လေးကို တောက်ပလျက်ရှိနေတဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဒူဆန်ဗလာဟိုဗစ်ကတော့ ပြီးခဲ့တဲ့ စပီဇီယာအသင်းနဲ့ ပွဲစဉ်မှာ ဖီအိုရင်တီးနားအသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေက လာမယ့် ဆောင်းရာသီစျေးကွက်အတွင်းမှာ ဒီကစားသမားလေးကို အရခေါ်ယူဖို့ ချိန်ရွှယ်လာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့အတွက် အဆင့်သင့် ဖြစ်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၁)နှစ်အရွှယ်ရှိ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ဟာ ၂၀၁ရခုနှစ်ကတည်းက ဆာဘီးယားကလပ် ပါတီဇန်အသင်းကနေ ဖီအိုရင်တီးနားအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသက်(၁၈)နှစ် ပြည့်မြောက်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ (၉၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၃၉)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား ဗလာဟိုဗစ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပြီး မန်စီးတီး စပါး ဂျုဗင်တပ်စ်အသင်းတွေကတော့ ဒီကစားသမားလေးကို အဓိက ပစ်မှတ်ထားနေကြပါတယ်။

Photo Credit : Twitter

ဒီလို ထိပ်တန်းကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ တိုက်စစ်ကစားသမားလေး ဗလာဟိုဗစ်ကိုယ်တိုင်က ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတဲ့အပြင် အခုလာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိပါ စဉ်းစားနေတယ်လို့ နာမည်ကြီး ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ လတ်တလောမှာတော့ ဗလာဟိုဗစ်ကို တိုက်စစ်ကစားသမားတစ်ဦး အလိုရှိနေတဲ့ မန်စီးတီးအသင်းကနေ အလိုအရှိဆုံး ဖြစ်နေရပြီး ဇန်နဝါရီမှာပဲ ဗလာဟိုဗစ်ကို ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဗလာဟိုဗစ်ကို သူကျင်လည်နေတဲ့ စီးရီးအေက ဂျုဗင်တပ်စ်အသင်းကနေ စိတ်ဝင်စားနေတာဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းမှာတော့ အသင်းရဲ့ ဘဏ္ဍာရေးပိုင်း အဆင်မပြေမှုတွေ ရှိထားတာကြောင့် ဗလာဟိုဗစ်ကို မန်စီးတီးအသင်းနဲ့အပြိုင် ကမ်းလှမ်းနိုင်ဖို့တော့ မလွယ်ပါဘူး။