ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ အေဂျက်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး free agent player တစ်ဦး ဖြစ်သွားခဲ့ရတဲ့ ဆာဘီးယား ကစားသမား ဒူဆန် တာဒစ်ဟာ သူ့ကို ကလပ်အသင်း များစွာက အပြိုင် ကမ်းလှမ်းလာခဲ့ကြပေမယ့်လည်း တာဒစ်ကိုယ်တိုင်ကတော့ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : These Football Times

   အေဂျက်စ်မှာ ကစားသမားဘဝရဲ့ အကောင်းဆုံးသော အချိန်တွေကို ဖြတ်သန်းခဲ့တဲ့ တာဒစ်ဟာ ရုတ်တရက်ဆိုသလိုပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းမှု ပြုလုပ်ခဲ့ပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရသလို သူ့ဆရာဟောင်း အဲရစ် တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပူးပေါင်းလိမ့်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် တာဒစ်ကို ဆော်ဒီကလပ် တချို့နဲ့ တူရကီ ဘက်ဆစ်တပ် ဖီနာဘာချီတို့ကလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ နောက်ဆုံးမှာတော့ တာဒစ်ကို ဖီနာဘာချီအသင်းကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Twitter

   အသက် (၃၄)နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့်လည်း ဘောလုံး အတွေ့အကြုံပိုင်း အလွန် ကြွယ်ဝနေသလို တောင်ပံ နှစ်ဖက်စလုံးရော တိုက်စစ်နေရာအထိ လိုက်ပါ ကစားနိုင်သူဖြစ်လို့ မန်ယူနိုက်တက်နဲ့ပါ သတင်းထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တာဒစ်ကတော့ အေဂျက်စ်နဲ့ လမ်းခွဲပြီးပြီးချင်းမှာပဲ သူ့အတွက် အသင်းသစ် တစ်သင်းကို အလျင်အမြန် ရှာဖွေနိုင်ခဲ့ပြီး ဥရောပ ဘောလုံးနယ်ပယ်မှာ ဆက်လက် ဖြတ်သန်းဖို့နဲ့ ပုံမှန် ပွဲကစားခွင့် ရရှိနေစေဖို့အတွက် ဖီနာဘာချီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

   အာဒါဂူလာလို လူငယ် ကြယ်ပွင့်လေးတစ်ဦးကို လက်လွတ်လိုက်ရတဲ့ ဖီနာဘာချီကလည်း တာဒစ်လို အတွေ့အကြုံရင့် ကစားသမားကြီးကို ကာလတို အစားထိုး ခေါ်ယူလိုက်နိုင်တာက အသင်းအတွက် အကျိုးရှိစေမယ့် ခေါ်ယူမှု ဖြစ်စေမှာ သေချာနေပြီး တစ်ဆက်တည်းမှာပဲ ၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့သူ ခရိုအေးရှား ဂိုးသမား ဒိုမနစ် လီဗာကိုဗစ်ကိုပါ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။