လတ်တလောမှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အက်စတွန် ဗီလာအသင်းရဲ့ တိုက်စစ်ကစားသမားလေး ဒူရန်က ချယ်လ်ဆီးဆိုတာ သူ ကလေးဘဝကတည်းက ပါဝင် ကစားချင်ဆုံး သူရဲ့ အိမ်မက် ကလပ်အသင်းလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ကိုလံဘီယာ တိုက်စစ်မှူးလေး ဒူရန်ဟာ မနှစ်က ဘောလုံးရာသီ ဆောင်းဈေးကွက်ကမှ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားကနေ ဗီလာအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit : Milan Reports

ဒူရန်ဟာ ဗီလာအသင်းမှာ ပွဲကစားခွင့်တွေ ရရှိနေပေမယ့်လည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပွဲဦးထွက် ကစားသမားအဖြစ် ကစားခွင့် မရသေးပဲ ပွဲတိုင်းမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင် ကစားနေရပြီး သူရဲ့ ပွဲကစားချိန်တွေက အကန့်အသတ်နဲ့သာ ဖြစ်နေရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒူရန်ကို ချယ်လ်ဆီးအသင်းက ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး အာဖရိကဖလားပြိုင်ပွဲ သွားရောက် ဆင်နွဲနေတဲ့ နီကိုလပ်စ် ဂျက်ဆင် နဲ့ ဒဏ်ရာ မကြာခဏ ရရှိနေတဲ့ ခရစ္စတိုဖာ အန်ကွန်ကူရဲ့နေရာမှာ ဒူရန်နဲ့ အစားထိုးသွားချင်နေပါတယ်။

Photo Credit : Eurosport

ဒီလို ချယ်လ်ဆီးအသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ ဒူရန်က “ကျွန်တော့်ခေါင်းထဲမှာ အက်စတွန် ဗီလာ အကြောင်းကိုပဲ ထည့်ထားတာဆိုတော့ ကျွန်တော့်ကို ချယ်လ်ဆီး နဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေကြတယ် ဆိုတာကို သတိမထားမိပါဘူး။ ဒီအသင်းတွေက အသင်းကြီးတွေ ဖြစ်ပြီးတော့ သူတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတယ် ဆိုတာကလည်း စိတ်ကျေနပ်စရာပါ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိထားပါဘူး။”

“ဒီအသင်းတွေဆိုတာ ကျွန်တော် ငယ်ငယ်လေးကတည်းက သွားရောက် ကစားချင်တဲ့ Dream ကလပ်အသင်းတွေပါ။ ချယ်လ်ဆီးဆိုရင်လည်း တကယ့် အံ့မခန်းအသင်း။ ဘယ်ကစားသမားမဆို ဒီအသင်းမှာ ကစားချင်ကြမှာပဲ။ ဒီအသင်းအတွက် ကစားပေးရမယ်ဆိုရင်တော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။