အာရပ်ကမ္ဘာမှာ နာမည်ကြီး ထင်ရှားတဲ့ ဒူဘိုင်းမြို့ရဲ့ ဘီလီယံနာ သန်းကြယ်သူဌေး တဦးဟာ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို မက်မောလောက်စရာ ငွေကြေးပမာဏ တရပ် ဖြစ်တဲ့ ပေါင် ၁၀ ဘီလီယံ ဝန်းကျင် အထိ အသုံးပြုကာ ဝယ်ယူရန် စဉ်းစားနေကြောင်း နာမည်ကြီး အာရပ် သတင်းဌာန တခု ဖြစ်တဲ့ Arabic Business သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ၂၀၀၃ခုနှစ်မှာ ပေါင် ၇၆၀သန်း ဝန်းကျင် အသုံးပြုကာ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသင်းကို ဆယ်စုနှစ် ၂စုနီးပါး ပိုင်ဆိုင်ခဲ့ပြီးနောက် ယခု ၂၀၂၂ခုနှစ် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Daily Star

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကျော်ကြားမှုကို အသုံးချကာ သူတို့ရဲ့ အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ပုံရိပ်တွေကို မြှင့်တင်ခဲ့သလို အသင်းဆီ ငွေကြေး ထပ်ထည့်ခြင်း မရှိပဲ အသင်းပိုင် ငွေကြေးတွေထဲက တနှစ်ကို ပေါင် ၅၀သန်း ဝန်းကျင်ဆီ အမြတ်ငွေ အဖြစ် ထုတ်ကာ သူတို့ရဲ့ အိတ်ကပ်ထဲကို ထည့်လေ့ ရှိပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ စဉ်ဆက်မပြတ် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး ဂလေဇာမိသားစုကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ကနေ ရရှိနေတဲ့ တနှစ် ပေါင် ၅၀သန်း ပမာဏထက် မန်ချက်စတာ ယူနိုက်တက်ကို တခါထဲ အပြီး ရောင်းချကာ ရလာမယ့် ပေါင် ၅ဘီလီယံ ဝန်းကျင်ကို ပိုမို မက်မောနေပါတယ်။

Photo Credit: Daily Star

လက်ရှိမှာတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅ဘီလီယံနဲ့ ပေါင် ၆ဘီလီယံကြား ပမာဏ တရပ်နဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ ပရိသတ် အင်အား အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တာကြောင့် ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာတွေက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အာရပ်ကမ္ဘာရဲ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ Arabic Business သတင်းဌာနရဲ့ ဖော်ပြချက်အရ အမည်မဖော်လိုသေးတဲ့ ဒူဘိုင်းစော်ဘွား တဦးက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၁၀ဘီလီယံ နီးပါး အသုံးပြုကာ ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ဒူဘိုင်းစော်ဘွားဟာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူကာ လက်ကျန် ၄ဘီလီယံကိုတော့ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လျာထားကြောင်းလည်း သိရပါတယ်။