ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မရပ်တန့်သေးတာကြောင့် နှစ်စဉ်နှစ်တိုင်း ချီးမြှင့်နေကြဖြစ်တဲ့ ဘလွန်းဒီအောဆုကို မချီးမြှင့်ဖြစ်ခဲ့ပေမယ့်လည်း ဖီဖာအကောင်းဆုံးကစားသမားဆုနဲ့ Globe Soccer Awards ဆုပေးပွဲတွေကိုတော့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလအတွင်း ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်သွားမယ့် 2020 Globe Soccer Awards ဆုပေးပွဲကတော့ ဆုပေးပွဲရဲ့ ထုံးစံအတိုင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားနဲ့ နည်းပြဆုတွေအပြင် (၂၁)ရာစုအတွင်း အကောင်းဆုံးသော ကစားသမားဆု နည်းပြဆုနဲ့ ကလပ်အသင်းဆုတွေကိုပါ ထည့်သွင်းချီးမြှင့်သွားမယ်လို့ သိရပါတယ်။

၂၀၁ဝခုနှစ်ကနေစတင်ပြီး နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိတဲ့ Globe Soccer Awards ဆုပေးပွဲမှာ ဆုပေါင်းများစွာကို ချီးမြှင့်ပေးလျက်ရှိပြီး တစ်နှစ်ပြီးတစ်နှစ် ဆုအရေအတွက်လည်း တိုးမြှင့်သွားလေ့ ရှိတတ်ပါတယ်။ နှစ်တိုင်းတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမား၊ ကလပ်အသင်း ၊ နည်းပြနဲ့ အေးဂျင့်ဆုတွေကို ပုံမှန်ပေးအပ်လေ့ရှိပြီး ဒီနှစ် ၂၀၂ဝခုနှစ်မှာတော့ အရင်တုန်းက တစ်ခါမှ မပေးအပ်ခဲ့ဖူးသေးတဲ့ ဆုကြီးတစ်ခုအဖြစ် (၂၁)ရာစုအတွင်း အကောင်းဆုံးကစားသမားဆုနည်းပြဆုနဲ့ ကလပ်အသင်းဆုတွေကိုပါ ထည့်သွင်းချီးမြှင့်သွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်ကနေ ၂၀၂ဝခုနှစ်အတွင်း ဘောလုံးနယ်ပယ်ထဲမှာ ကျင်လည်ခဲ့ကြတဲ့ ဘောလုံးသမားတွေထဲကမှ အကောင်းဆုံးသော ဘောလုံးသမားတွေကို ရွေးချယ်ပြီး အဲ့ဒီကစားသမားတွေထဲကမှ အကောင်းဆုံးတစ်ယောက်ကိုပဲ 21st Century ရဲ့ Best Player အဖြစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေအနေနဲ့ ကိုယ်အနှစ်သက်ဆုံး ဘောလုံးသမားကို 21st Century ရဲ့ Best Player အဖြစ် သတ်မှတ်နိုင်ဖို့အတွက် www.vote.globesoccer.com ဝက်ဆိုဒ်မှာ မဲပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၂ဝခုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ကိုတော့ Globe Soccer Awards ကို (၆)ကြိမ်အထိ စံချိန်တင်ရရှိထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို လီယွန်နယ်မက်ဆီ ရောဘတ်လီဝန်ဒေါစကီး ဆာ့ဂျ်နာဘရီ စီရိုအင်မိုဘီလီ ကာရန်ဘန်ဇီမာ ဆာဒီယိုမာနေးနဲ့ မာကွင်ဟိုစ်တို့ကို ဆန်ခါတင်ကစားသမားတွေအဖြစ် ရွေးချယ်လို့ထားပါတယ်။ တစ်နှစ်တာရဲ့ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းထဲမှာတော့ ယာဂင်ကလော့ ဂတ်စ်ပါရီနီ ဟန်ဆီဖလစ် လိုပက်တယ်လီနဲ့ သောမတ်စ်တူချယ်တို့ကို ရွေးချယ်လို့ထားပါတယ်။ တစ်နှစ်တာရဲ့ အကောင်းဆုံးအသင်းဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ဘိုင်ယန်မြူးနစ် ဂျုဗင်တပ်စ် ပီအက်စ်ဂျီ ရီးရဲလ်မက်ဒရစ် ဆီဗီလာနဲ့ လီဗာပူးလ်အသင်းတို့ ပါဝင်နေပါတယ်။ ဒီဆုပေးပွဲကြီးကိုတော့ လာမယ့် ဒီဇင်ဘာလ(၂၇)ရက်နေ့ ဒူဘိုင်းမြို့မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။