ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒရော့ဘာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်အပြီးမှာ ချယ်လ်ဆီးအသင်းဟာ သူ သိခဲ့တဲ့ ချယ်လ်ဆီးအသင်းလိုမျိုး မဟုတ်တော့ဘူး ဝမ်းနည်းကြေကွဲစွာနဲ့ ပြောလာခဲ့ပါတယ်။

အသက် ၄၅နှစ် အရွယ် အိုင်ဗရီကို့စ် ဂန္တဝင် တိုက်စစ်မှူးကြီး ဒရော့ဘာက ချယ်လ်ဆီးရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အောင်မြင်မှုမှာ အရေးပါခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဒရော့ဘာဟာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၈၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၈၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၄ကြိမ် ၊ အက်ဖ်အေဖလား ၄ကြိမ် ၊ ကားလင်းဖလား ၃ကြိမ် ၊ ကွန်မြူနတီဒိုင်း ၄ကြိမ် စုစုပေါင်း ဆုဖလား ၁၆လုံး အထိ ချယ်လ်ဆီးနဲ့ အတူ ရယူနိုင်ခဲ့သူပါ။

Photo Credit: Chelsea

ချယ်လ်ဆီးက ဒရော့ဘာတို့ လက်ထက်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ အောင်မြင်မှုတွေ ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း အတော်လေး ဆိုးရွားနေပြီး ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၁၁နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။

ချယ်လ်ဆီးက ရလဒ်တွေ ဆိုးရွားနေရုံ သာမက ခြေစွမ်းပိုင်းကပါ ထိပ်သီးအသင်းတွေနဲ့ ယှဉ်ကစားနိုင်တဲ့ အဆင့်အတန်းမျိုးမှာ မရှိတော့ပဲ ဒရော့ဘာကတော့ ချယ်လ်ဆီးအသင်းဟာ သူ သိခဲ့တဲ့ ချယ်လ်ဆီးအသင်း မဟုတ်တော့သလို အသင်းမှာ ဦးဆောင်နိုင်စွမ်း ရှိတဲ့ ကစားသမားတွေ မရှိတော့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Bein Sports

ဒရော့ဘာက – “ချယ်လ်ဆီးမှာ အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ မရှိတော့ပါဘူး။ ကျွန်တော်တို့က ကိုယ့်တာဝန်ကို ကိုယ်တိုင် အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့က တကွင်းလုံး လှုပ်ခတ်သွားအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးတွေကို လိုအပ်နေတာပါ။ ကျွန်တော် သိခဲ့တဲ့ ချယ်လ်ဆီးက ဒီလိုအသင်းမျိုး မဟုတ်ပါဘူး။ ချယ်လ်ဆီးဟာ အရင်က ချယ်လ်ဆီး မဟုတ်တော့ပါဘူး။ ပိုင်ရှင်အသစ်ကြောင့် အတွေးအမြင်တွေ မတူတော့တဲ့ အသင်းတသင်း ဖြစ်နေပါပြီ” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။