ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဒရော့ဘာ ကတော့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဖြစ်သူ ဝီလီယံကို အေးဂျင့် ဝီလီယံဆိုပြီး အမည်တပ်ကာ လူမှုကွန်ယက်ပေါ် ကနေ စနောက်သွားခဲ့ပါတယ်။

အသက် ၃၃နှစ်အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းနဲ့ အတူ အင်္ဂလန် ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားခဲ့သူပါ။

Photo Credit: Metro

ဝီလီယံဟာ အာဆင်နယ်အသင်းထံ ရောက်ရှိကာစမှာ အသင်းအတွက် ဆုဖလားတွေ ရယူပေးမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့ပဲ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဝီလီယံဟာ အာဆင်နယ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းကာ သူ့ရဲ့ မွေးရပ်မြေကလပ် ကိုရင်သီယန်အသင်းဆီ ၂နှစ်စာချုပ်နဲ့ အလွတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဒရော့ဘာက သူနဲ့ ရင်းနှီးတဲ့ ဝီလီယံကို စနောက်မှုတွေ ပြုလုပ်ခဲ့ပြီး ဝီလီယံဟာ ချယ်လ်ဆီးအသင်း ကနေ အာဆင်နယ်အသင်းထံ စေလွှတ်ခဲ့တဲ့ သူလျှိုတွေထဲက တဦး ဖြစ်ကြောင်း နောက်ပြောင်ခဲ့ပါတယ်။

Photo Credit: Metro

ဒရော့ဘာက – “ကျေးဇူးတင်ပါတယ် အေးဂျင့်ဝီလီယံရေ။ မင်းက ဒေးဗစ်လူးဝစ် ၊ ပီတာချက်တို့လိုပဲ တာဝန်ကျေခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ကာ အာဆင်နယ် ပရိသတ်တွေနဲ့ ဝီလီယံကို စနောက်ခဲ့တာပါ။

ဒေးဗစ်လူးဝစ် ၊ ပီတာချက်တို့ကလည်း ဝီလီယံနည်းတူ ချယ်လ်ဆီးအသင်း ကနေ အာဆင်နယ်အသင်းထံ တိုက်ရိုက် ပြောင်းရွှေ့ခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပြီး အစွန်းရောက် အာဆင်နယ် ပရိသတ် တချို့က လူးဝစ် ၊ ပီတာချက်နဲ့ ဝီလီယံတို့ဟာ အာဆင်နယ်ကို ဖျက်ဆီးဖို့ ရောက်လာတဲ့ သူလျှိုတွေလို့ စွပ်စွဲခဲ့ဖူးတာကြောင့် ဒရော့ဘာက အခုလို နောက်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ်။