လာဇီယိုအသင်းက ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ချန်ပီယံဆုအတွက် ဂျုဗင်တပ်စ်ကို ဖိအားပေးနိုင်ခဲ့သလို ၂၀၁၆ခုနှစ်နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့အခုလို အခြေအနေကောင်းတွေ ရရှိလာဖို့အတွက် လာဇီယိုတစ်သင်းတည်းလုံး စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့ကြသလို အသင်းရဲ့ဂိုးသွင်းစက်ကြီးဖြစ်တဲ့ အင်မိုဘီလီရဲ့အဆက်မပြတ်သွင်းယူနေတဲ့ သွင်းဂိုးတွေနဲ့ တိုက်ရိုက်ကို ပတ်သက်လို့နေပါတယ်။

Photo Credit : Juiper Sports

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ချီရိုအင်မိုဘီလီဟာ ဒီနှစ်ဘောလုံးရာသီမှာ လာဇီယိုအသင်းအတွက် စီးရီးအေသွင်းဂိုး (၃၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာဆိုရင်လည်း (၄၄)ပွဲအတွင်း (၃၉)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲဲ့ စီးရီးအေပွဲစဉ်(၃၇)မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အီတလီတိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီး သွင်းယူထားခဲ့တဲ့ လိဂ်သွင်းဂိုး (၃၄)ဂိုးကို ကျော်ဖြတ်သွားနိုင်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ဥရောပရွှေဖိနပ်ဆုကိုပါ သူရဲ့ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

Photo Credit : AS English

တကယ်တော့ ဥရောပရွှေဖိနပ်ဆုကို စပိန်လာလီဂါက ကစားသမားတွေပဲ ရယူထားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကို ရှိနေပါပြီ။ မက်ဆီ ရော်နယ်ဒို ဆွာရက်ဇ်နဲ့ ဒီယေဂိုဖော်လန်တို့လို လာလီဂါတိုက်စစ်ကစားသမားတွေရဲ့လက်တွေထဲမှာ ရှိနေရတဲ့ ရွှေဖိနပ်ဆုဟာ ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ အီတလီစီးရီးအေမှာ ခိုနားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၆၅-၂၀၀၆ ဘောလုံးရာသီနဲ့ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက်မှာ စီးရီးအေက တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာတိုနီနဲ့ ဖရန်ဆစ်စကိုတော့တီတို့က ဥရောပရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့ရကာ အဲ့ဒီနောက်ပိုင်းကတည်းက လာလီဂါကပဲ ရွှေဖိနပ်ဆုကို များစွာပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ (၂)ကြိမ်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်မိုဘီလီဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက နာပိုလီတိုက်စစ်ကစားသမားဟောင်း ဂွန်ဇာလိုဟီဂွာအင် ရရှိထားခဲ့တဲ့ တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံး စံချိန်ဖြစ်တဲ့ (၃၆)ဂိုးကိုလည်း အမှီလိုက်နိုင်ခဲ့ပါတယ်။ ဒီလိုဂိုးသွင်းစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ အင်မိုဘီလီကို မန်ချက်စတာယူနိုက်တက်အသင်းအပြင် အဲဗာတန် အင်တာမီလန်အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အင်မိုဘီလီကတော့ လာမယ့်ရာသီအထိ လာဇီယိုမှာပဲ ဆက်လက်ရှိနေသွားဖို့သာ ရှိနေပါတယ်။