ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို နှစ်ပေါင်း(၁၆)နှစ်အကြာမှ ပြန်လည်တတ်လှမ်းခွင့်ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ကျန်ရစ်နေဖို့အတွက် နွေစျေးကွက်အတွင်းမှာပဲ ကစားသမားအားဖြည့်မှုတွေကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပြီး အခုလည်း ပီအက်စ်ဂျီအသင်းရဲ့ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျူအန်ဒရက်ဇ်လာကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သတင်းရင်းမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TalkSport

အသက်(၂၆)နှစ်အရွှယ်ရှိ ကမ္ဘာ့ဖလားဆုရ ဂျာမန်ကွင်းလယ်ကစားသမား ဒရက်ဇ်လာဟာ ၂၀၁၄ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ နေမာ ဘာပေ ဒီမာရီယာတို့လို ထိပ်တန်းကစားသမားတွေ ရှိနေတဲ့အတွက် အသင်းရဲ့ Key Player ဖြစ်မလာခဲ့ပဲ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းမှာလည်း (၂၂)ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဝင်ငွေအရှံးပေါ်နေခဲ့တာကြောင့် အသင်းသားတချို့ကို ရောင်းချဖို့လိုအပ်နေပြီး ဒီလို အသင်းကနေ ရောင်းချသွားရဖွယ်ရှိနေတဲ့ ကစားသမားတွေထဲမှာ ဒရက်ဇ်လာလည်း ပါဝင်လို့နေပါတယ်။

Photo Credit : TalkSport

ဒီလို အနာဂတ်မရမရာ ဖြစ်လို့နေတဲ့ ဒရက်ဇ်လာကို လိဒ်စ်ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ မာဆယ်လိုဘီယဲလ်ဆာကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေပြီး မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ဖွယ် ရှိလို့နေပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ဗလင်စီယာအသင်းရဲ့စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မော်ရီနိုရိုဒရီကိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၇)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖရိုင်းဘတ်အသင်းရဲ့ဂျာမန်လက်ရွေးစင် ရော်ဘင်ကော့ချ်ကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အသစ်ခေါ်ယူထားခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား ရိုဒရီကိုရယ် မနှစ်က ဘောလုံးရာသီအတွင်း အသင်းရဲ့သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ပက်ထရစ်ဘမ်းဖိုဒ့်ရယ် တောင်ပံအားသန်တဲ့ ဒရက်ဇ်လာရယ် (၃)ဦးလုံးကို တွဲဖက်သုံးစွဲသွားဖို့ ဘီယဲလ်ဆာကနေ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲစီကို နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပြန်လည်တတ်လှမ်းလာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ရာသီအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲဲ့ လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်မှာပဲ သူရဲ့ခြေစွမ်းတွေကို စတင်စမ်းသပ်ခံရတော့မှာဖြစ်ပါတယ်။