ဆားဘီးယားနိုင်ငံရဲ့ အထင်အရ သူဌေးသူကြွယ် တဦး ဖြစ်သူ ဘီလီယံနာ ဒရာကန် ဆိုလက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဆောက်သမ်တန်အသင်းကို တရုတ်သူဌေး ဂေါင်ဂျီရှန်းဆီ ကနေ ဝယ်ယူနိုင်တော့မယ်လို့ ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြခဲ့ကြပါတယ်။
တရုတ်သူကြွယ်သူဌေး တဦး ဖြစ်သူ ဂေါင်ဂျီရှန်းဟာ ဆောက်သမ်တန်အသင်းရဲ့ ရှယ်ယာ ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်သူ တဦး ဖြစ်တာကြောင့် ဆောက်သမ်တန်အသင်းရဲ့ အသင်းပိုင်ရှင် အဖြစ် လူသိများသူ ဖြစ်ပြီး ယခုအချိန်မှာတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း အများစုက အရှုံးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သူ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းချကာ ကျားကန်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။
Photo Credit: Sky Sports
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂေါင်ဂျီရှန်းရဲ့ တာဝန်ခံတွေဟာ ဆားဘီးယား ဘီလီယံနာ ဒရာကန် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုနဲ့ ဆောက်သမ်တန်အသင်းရဲ့ အရောင်းအဝယ် ကိစ္စအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး နှစ်ဦးနှစ်ဖက်ကြားမှာ နှုတ်အားဖြင့် သဘောတူညီမှုပါ ရရှိထားကြောင်း သိရပါတယ်။
ဆားဘီးယား ဘီလီယံနာ တဦး ဖြစ်သူ ဒရာကန် ဆိုလာဟာ ယခင်ထဲက ပရီးမီးယားလိဂ် အသင်းတသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့သူ တဦး ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဆိုကြပြီး ဒရာကန်က ဆောက်သမ်တန် အသင်းကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဆားဘီးယား အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
Photo Credit: Sky Sports
ဒရာကန် ဆိုလက်ဟာ ဂေါင်ဂျီရှန်း ပိုင်ဆိုင်တဲ့ ဆောက်သမ်တန်အသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပေါင် ၁၀၀သန်းနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရထားတာ ဖြစ်ပြီး ဆောက်သမ်တန် အသင်းကို ဝယ်ယူပြီးပါက ၂ရာသီ အတွင်း ပေါင် ၁၀၀သန်း ထပ်မံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ဆောက်သမ်တန် အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာတော့မှာလား…?