ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၂၈)အတွင်းမှာ အကြိတ်အနယ်ရင်ဆိုင်ကစားခဲ့ရင်းနဲ့ ဒေါ့မွန်ဘက်က တိုက်စစ်ကစားသမား အာလင်းဟာလန်းနဲ့ ကွင်းလယ်ကစားသမားလေး ဒါဟွတ်တို့ ဒဏ်ရာပြသာနာတွေ အသီးသီးရရှိသွားတာကြောင့် လာမယ့်တနင်္ဂနွေနေ့ည (၁၀)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားရမယ့် ပါဒါဘွန်းအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်တယ်လို့ ဒေါ့မွန်နည်းပြဖာယီကနေ ရှင်းလင်းပြောဆိုလို့သွားပါတယ်။

Photo Credit : Getty Image

ဒေါ့မွန်နည်းပြဖာယီက “ကံဆိုးတာကကတော့ အင်္ဂါနေ့က ကစားသွားခဲ့တဲ့ ဘိုင်ယန်နဲ့ပွဲအပြီးမှာ ဒါဟွတ်က ဒဏ်ရာရသွားခဲ့လို့ ရာသီကုန်ဆုံးချိန်ထိကို အနားယူရပါတော့မယ်။ ဟာလန်းကလည်း ဒဏ်ရာကြောင့် ပါဒါဘွန်းနဲ့ပွဲကို လွဲချော်ရပါမယ်” လို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းရဲ့ ဒူးဒဏ်ရာက ထူးခြားတဲ့ပုံစံနဲ့ ရရှိသွားခဲ့တာဖြစ်ပြီး ပွဲချိန်အတွင်း ကွင်းလယ်ဒိုင်နဲ့ မတော်တဆ ထိခိုက်မိရင်းကနေ ဒဏ်ရာရခဲ့တာလို့ နာမည်ကျော် ဂျာမန်အားကစား ဂျာနယ်လစ်တစ်ဦးက ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ကြားရက်က ကစားခဲ့ရတဲ့ ဘိုင်ယန်နဲ့ပွဲစဉ်အတွင်းမှာ (၁)ဂိုးတည်းနဲဲ့ ကပ်အရေးနိမ့်ခဲ့ရတာကြောင့် အခုဆိုရင် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ (၇)မှတ်အထိကို ပြတ်တောက်ခဲ့ရပြီဖြစ်ပြီး အမှီလိုက်နိုင်ဖို့က မလွယ်ကူတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ ဘွန်ဒစ်လီဂါပြိုင်ပွဲ အပြီးသတ်ဖို့ကလည်း လက်ကျန်(၇)ပွဲပဲ ကျန်ရှိတော့တာဖြစ်ပြီး ဘိုင်ယန်အတွက် ချန်ပီယံဆုကို အကြိမ်(၃၀)အထိ ပိုင်ဆိုင်နိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လို့နေပေမယ့်လည်း လေဗာကူဆင် မိုချန်ဂလာဘတ် ဝုလ်ဖ်ဘတ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ ဘိုင်ယန်တို့ ရမှတ်ဆုံးရှံးနိုင်တာကြောင့် ဒေါ့မွန်အနေနဲ့ လက်ကျန်ပွဲတိုင်းကို ရမှတ်အပြည့်ယူထားသင့်ပါတယ်။ အခုအချိန်မှာ ဟာလန်းနဲ့ဒါဟွတ်တို့ ဒဏ်ရာတွေ အသီးသီးရထားခဲ့ပေမယ့် ဆန်ချိုနဲ့ အမ်မရီချန်တို့ကတော့ လုံးဝကို ကြံခိုင်ရေးကောင်းနေပြီဖြစ်လို့ ပါဒါဘွန်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းအတွင်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။