ဒေါ့မွန်အသင်းကတော့ သူတို့အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို (၈၅)သန်းနဲ့ ရောင်းချခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို လက်ရှိမှာ ယူရို (၃၅)သန်းလေးနဲ့ ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ နာမည်ကြီးသတင်းထောက် ပလက်တန်ဘက်ချ်က ဖော်ပြလာခဲ့ပါတယ်။

ဒေါ့မွန်က သူတို့အသင်းရဲ့ အဓိက ကစားသမား ဆန်ချ်ိုကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နွေဈေးကွက်မှာပဲ ယူရို (၈၅)သန်းနဲ့ ယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ပါတယ်။ မန်စီးတီး လူငယ်အသင်းကနေ ယူရို သန်း(၂၀)ဝန်းကျင်နဲ့ ခေါ်ယူခဲ့ရတဲ့ ဆန်ချိုကို ဒေါ့မွန်ဘက်က ယူရို (၈၅)သန်းနဲ့ ပြန်လည် ရောင်းချနိုင်ခဲ့လို့ အမြတ်အစွန်း တော်တော်လေး ရရှိခဲ့ရပါတယ်။

Photo Credit : Eurosport

ဆန်ချိုက ယူနိုက်တက်အသင်းဆီ ရောက်ရှိသွားချိန်မှာ ဒေါ့မွန်မှာတုန်းကလို ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်း မရှိပဲ ပုံမှန်ခြေမျိုး ပြသနိုင်ဖို့အထိပါ ရုန်းကန်လာခဲ့ရတဲ့အပြင် ဒီရာသီမှာလည်း အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ မပြေလည်မှုတွေ ရှိလာခဲ့ရင်း ဆန်ချိုက ယူနိုက်တက်ရဲ့ အစွန့်ပစ်ခံ ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

ဒီအချိန်မှာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က ဆန်ချို အပါအဝင် ဂရင်းဝုဒ်တို့လို တခြားအသင်းတွေဆီ အငှားချထားရတဲ့ ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်တွေ ချမှတ်သွားဖို့ ရှိနေပေမယ့် ဆန်ချိုကတော့ ယူနိုက်တက်နဲ့ ဆက်လက် လက်တွဲဖို့ ဆန္ဒမရှိတော့ပဲ ဖြစ်နေပါတယ်။

Photo Credit : Opta Analyst

အခုလည်း ဆန်ချိုက သူ့အသင်းဟောင်း ဒေါ့မွန်ဆီကို အခုနှစ် ဘောလုံးရာသီကုန်အထိ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့လို့ထားပြီး ဒေါ့မွန်အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးနေသလို အငှားသက်တမ်း ပြည့်သွားရင်တောင်မှ ယူနိုက်တက်ဆီ မပြန်တော့ပဲ ဒေါ့မွန်မှာသာ ဆက်နေသွားချင်တဲ့အထိ ဒေါ့မွန်မှာ ပျော်ရွှင်နေပါတယ်။

ဒီအခြေအနေမှာ ဒေါ့မွန်ဘက်ကလည်း သူတို့ကစားသမားဟောင်း ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားလာခဲ့ပြီး ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၃၅)သန်းနဲ့ အပြီးသတ် ခေါ်ယူစာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဆန်ချိုရဲ့ တစ်ပတ်လုပ်ခက မြင့်မားလွန်းနေတာကြောင့် ဒီအချက်ကိုတော့ ပြန်လည် ညှိနှိုင်းသွားရဖွယ် ရှိနေပါတယ်။