ဒေါ့မွန်ကတော့ ဒီနေ့ညမှာ ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ်(၂၀)အဖြစ်နဲ့ အိမ်ကွင်းမှာ အူယွန်းဘာလင်အသင်းကို ဧည့်ခံယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်စစ်မှူးသစ် အာလင်းဟာလန်းရဲ့ သွင်းဂိုး၂ဂိုးအပါအဝင် ၅ဂိုး ဂိုးမရှိနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက် ပြန်လည်အားကောင်းလာခဲ့ရပြီး လိုက်ပ်ဇစ် ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့လည်း ရမှတ်ကွာဟမှု တဖြည်းဖြည်းလျှော့ချလာနိုင်ခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်လီဂါ၃ပွဲဆက်တိုက် ၁ပွဲမှာ ၅ဂိုးစီကို သွင်းယူနိုင်ခဲ့တဲ့အထိ တိုက်စစ်အားကောင်းလာခဲ့ပါတယ်။

Photo Credit : Getty Images

ဒေါ့မွန်အသင်းဟာ အူယွန်းဘာလင်နဲ့ပွဲမှာ ဟာလန်း ဆန်ချို မားကို့စ်ရူးစ် ဝဲလ်ဆဲလ် ဟာခီမီး အစရှိတဲ့ ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပြိုင်ဘက်အသင်းကို အသာစီးရယူနိုင်ခဲ့တဲ့အပြင် ဆန်ချို ဟာလန်း(၂ဂိုး) မားကို့စ်ရူးစ် ဝဲလ်ဆဲလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်အတွက် သွင်းဂိုး၂ဂိုး ရယူနိုင်ခဲ့တဲ့ ဟာလန်းကတော့ အသင်းအတွက် ၃ပွဲပဲ ကစားရသေးပေမယ့် သွင်းဂိုးရဂိုးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဟာလန်းရဲ့စွမ်းဆောင်မှုက ဘွန်ဒက်လီဂါမှာ သမိုင်းသစ်ရေးထိုးခဲ့ရတဲ့အထိကို တောက်ပနိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒေါ့မွန်အသင်းဟာ ဟာလန်းပါဝင်ကစားခဲ့တဲ့ အော့ဘတ်စ်နဲ့ပွဲ ကိုလုံးနဲ့ပွဲ အခု အူယွန်းဘာလင်တို့ပွဲမှာ စုစုပေါင်းသွင်းဂိုး ၁၅ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီ ၁၅ဂိုးမှာ ဟာလန်းက ရဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟာလန်းရောက်လာပြီးနောက်မှာ ဆန်ချိုကလည်း ပိုမိုခြေစွမ်းပြလာနိုင်ခဲ့သလို သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေကို တောက်လျှောက်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်လိုပဲ ဘိုင်ယန်မြူးနစ်ကလည်း ဒီတစ်ပတ်မှာ နိုင်ပွဲထပ်မံရသွားရခဲ့တာကြောင့် ဘွန်ဒက်လီဂါချန်ပီယံဆုအတွက်ကတော့ ရင်ခုန်စရာကောင်းနေရတဲ့ အခိုက်အတန့်တစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန် အခုရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေက သူတို့အသင်းထက် အဆင့်နိမ့်တဲ့ အသင်းတွေဖြစ်ပြီး လာမယ့်ရက်တွေမှာ လေဗာကူဆင် ဖရန့်ဖတ်တို့လို အသင်းမျိုးတွေနဲ့ ပွဲကျပ်ရင်ဆိုင်ရချိန်မှာ ရလဒ်တွေ ဆက်လက်ကောင်းနေနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။