ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ခါးလ်က သူတို့အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကြယ်ပွင့်ဟောင်း ဂျေဒန် ဆန်ချိုကို ရာသီကုန်ချိန်မှာ အပြီးသတ် ခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ၃နှစ် နီးပါး ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Euro Sports

ဒါ့အပြင် ဆန်ချိုက ယခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်နဲ့ လူသိရှင်ကြား ပြဿနာ တက်ခဲ့တာကြောင့် အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခံခဲ့ရပြီး ဆန်ချိုက သူ့ရဲ့ ကစားသမား ဘဝကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့ အတွက် ဆောင်းဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒေါ့မွန်က ဆန်ချိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ထံ အငှားကြေး ယူရို ၄သန်း ပေးချေခဲ့ရသလို အငှားကာလအတွင်းမှာ ဆန်ချိုရဲ့ လုပ်ခလစာ အပြည့်အဝကို ပေးချေဖို့ သဘောတူခဲ့ပြီး ဆန်ချိုကလည်း ဒေါ့မွန်ဆီ ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရရှိခဲ့ပါတယ်။

Photo Credit: Team Talk

ဆန်ချိုက ဒေါ့မွန်အတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒေါ့မွန်ပရိသတ်တွေက ဆန်ချိုကို သူတို့အသင်းဆီ အပြီးသတ် ခေါ်ယူပေးဖို့ စတင် တောင်းဆိုနေကြပေမယ့် ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ ခါးလ်က ရာသီကုန်မှာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ဟာ မဖြစ်နိုင်ကြောင်း ဝန်ခံလာပါတယ်။

ခါးလ်က – “ကျွန်တော်တို့က ဆန်ချိုနဲ့ မတ်ဆန်တို့ကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က ဆန်ချိုနဲ့ မတ်ဆန်ကို ခေါ်ယူချိန်မှာ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့မှာ အပြီးသတ် ခေါ်ယူခွင့် ထည့်နိုင်လောက်တဲ့ အင်အားမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဆန်ချိုတို့ကို ရာသီကုန် အထိပဲ မြင်တွေ့ခွင့် ရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။