ဒေါ့မွန်အသင်းဟာ ကျန်းမာရေး အာမခံ အဖွဲ့အစည်း (KVWL) နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အိမ်ကွင်း ဘောလုံးကွင်းကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ခံစားနေရတဲ့ လူတွေကို ကုသမယ့် “ကုသရေး စခန်း – Treatment Centre” အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်သွားပါတယ်။ ဒေ့ါမွန်အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ “ဆစ်နယ် အိုင်ဒူနာ ပါ့ခ် – Signal Idunal Park” ဟာဆိုရင် ဂျာမနီနိုင်ငံက ဘောလုံးကွင်းတွေထဲမှာ အကြီးဆုံး၊ အကျယ်ဆုံး ဘောလုံးကွင်း ဖြစ်တာကြောင့် ကိုရိုနာ ဗိုင်းရပ် လူနာရှင်တွေ အများကြီး ဆံ့မယ့်၊ ကုသလို့ ရမယ့် စခန်းကောင်း ဖြစ်ပါတယ်။

Photo Credit: Allfootball

ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းမှာ ကုသမယ့် လူနာတွေဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတယ်လို့ သံသယ ရှိတဲ့ လူနာတွေကိုသာ ကုသသွားမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံနေရပြီ ဖြစ်တဲ့ လူနာတွေကိုတော့ ကုသသွားမှာ မဟုတ်ဘူးလို့လည်း အတိသလင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းကို ကုသရေး စခန်း အဖြစ် အသုံးပြုတဲ့ အချိန်မှာ ကုသရေး စခန်းကို ဖွင့်မယ့် အချိန်ကတော့ နေ့လည်ကနေ ညနေ (၄) နာရီအထိ နေ့တိုင်း ဖွင့်ပေးသွားမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် သံသယ လူနာတွေ အားလုံးကို အကောင်းဆုံး ကုသပေးသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Allfootball

ဒေါ့မွန်အသင်းရဲ့ CEO တွေ ဖြစ်ကြတဲ့ ဟမ်စ် ဂျိုအာချင် (Hans-Joachin) နဲ့ ကာစတန် ခရာမာ (Carsten Cramer) က “ကျွန်တော်တို့ရဲ့ အိမ်ကွင်းက မြို့ရဲ့ ပြယုဂ်တစ်ခု ဖြစ်ပြီး ဒေါ့မွန်မြို့က လူတွေ အားလုံး နဲ့ မြို့ခံ လူတွေ အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ အခုလို ကွင်းမှာ ကိုရိုနာ ဗိုင်းရပ် လက္ခဏာတွေ ဖြစ်တဲ့ အသက်ရှု လမ်းကြောင်း ဆိုရင် ရောဂါ နဲ့ အဖျား ရှိကြတဲ့ လူတွေကို ကူညီဖို့ စဉ်းစားခဲ့ကြတဲ့ နည်းပညာရှင်များအားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ အဲဒီလို လူတွေကို ကူညီဖို့ ဘာမဆို ခွန်အားရှိသမျှ ပြုလုပ်သွားမယ် ဆိုတာက ကျွန်တော်တို့ရဲ့ တာဝန် နဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျန်မာရေး အာမခံ အဖွဲ့အစည်း (KVWL) နဲ့ ပူးပေါင်းပြီး ဒီရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်ဖို့အတွက် ဦးဆောင်သွားမှာပါ” လို့ အတည်ပြု ထုတ်ပြန်ခဲ့ပြီး အလွန် လေးစားဖွယ် နဲ့ အတုယူဖွယ် လုပ်ရပ်သာ ဖြစ်ပါတယ်။