ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ တီမိုဝါနာ ၊ ပူလီဆစ်နဲ့ အိုဒွိုင်းတို့ကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

တန်ကြေးမြင့် ကစားသမား များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဟာလန်းကို ကျိန်းသေလုနီးပါး ဆုံးရှုံးရဖို့ ရှိနေတာကြောင့် ဟာလန်းရဲ့နေရာ အတွက် ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာ ရဖို့ ရုန်းကန်နေရတဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

Photo Credit: Football London

အသက် ၂၅နှစ် အရွယ် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ကစားအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူ့ရဲ့ အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုတွေကြောင့် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးသာ ရရင် ချယ်လ်ဆီးအသင်းက သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဒေါ့မွန်အသင်း ကတော့ တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး အသင်း ဖြစ်နေတယ်လို့ ဒေါ့မွန်အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Team Talk သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ တီမိုဝါနာရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးအသင်းထံ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပူလီဆစ်နဲ့ လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းတို့ရဲ့ အကြောင်းကိုပါ မေးမြန်းခဲ့ပြီး ချယ်လ်ဆီးအသင်း ကတော့ တီမိုဝါနာနဲ့ ပူလီဆစ်ကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ၊ အစားထိုးနိုင်မယ့် ကစားသမားတွေ ရရင် ရောင်းချနိုင်ချေ ရှိပေမယ့် အိုဒွိုင်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Football London

ဒါကြောင့် ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ တီမိုဝါနာနဲ့ ပူလီဆစ်တို့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေ ရှိနေပြီး ချယ်လ်ဆီးအသင်းကလည်း ဥရောပအသင်းကြီး အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ပြန်လည် ခေါ်ယူချင်နေတာကြောင့် နှစ်သင်းကြားမှာ ကစားသမား အရောင်းအဝယ် ကိစ္စ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေကလည်း အတည်ပြုထားကြပါတယ်။