ဂျာမန် ဘွန်ဒက်လီဂါရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်နေတဲ့ သူတို့အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ယခုနှစ် နွေစျေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း မရရင် ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ဟာ လာမယ့် အောက်တိုဘာလ ၅ရက်နေ့မှာ တရားဝင် ပိတ်သိမ်းမှာ ဖြစ်ပြီး နွေစျေးကွက် ပိတ်သိမ်းဖို့ နီးစပ်လာတာနဲ့ အမျှ မန်ယူအသင်းနဲ့ ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ သတင်းဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာတာကြောင့် ဒေါ့မွန်အသင်းဟာ ယခုလို ပြောင်းရွှေ့ကြေး အကြောင်းကို ထပ်မံ ပြောကြား ခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒေါ့မွန်အသင်းဟာ အသက် ၂၀ အရွယ် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း စျေးနှုန်း သတ်မှတ် ထားပြီး မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ယူရို ၁၂၀ သန်း အတိ ပေးချေရမယ် လို့ ယခင်ကတည်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်း ကတော့ ပြောင်းရွှေ့​ကြေး ယူရို ၁၀၀ သန်းခန့်နဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ မျှော်လင့် နေပြီး အပြောင်းအရွှေ့ရာသီ ပိတ်ခါနီးမှသာ ဆန်ချိုအတွက် ကမ်းလှမ်းမှု ပြုလုပ်ပါက ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ် လို့ ယုံကြည်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က ဆန်ချိုနဲ့ ပတ်သတ်ပြီး သူတို့အသင်းရဲ့ သဘောထားကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုသွားပါတယ်။

Photo Credit: Standard

ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မိုက်ကယ်ဇော့က ” ကျွန်တော်တို့ဟာ အရင်တုန်းက ဒီအပြောင်းအရွှေ့ အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အလိုရှိတဲ့ အရာတွေ အားလုံးကို ပြောပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အလိုရှိတဲ့ အရာတွေက လာမယ့် သုံးရက်အတွင်းမှာလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူမယ့် ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားဖွယ် ရှိနေပြီး လက်ရှိမှာတော့ မန်ယူအသင်းဟာ ဘာစီလိုနာ အသင်းရဲ့ ကစားသမား ဒမ်ဘီလီကို ပြောင်းလဲ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ဒမ်ဘီလီကို ခေါ်ယူရာမှာတော့ ပြောင်းရွှေ့ကြေး ယူရို ၅ သန်း ဝန်းကျင်သာ ပေးချေရဖွယ် ရှိကြောင်း ဘာစီလိုနာ အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားပါတယ်။