ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂျေဒန် ဆန်ချိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် အသင်းရဲ့ တောင်ပံကစားသမား ဒွန်ရယ် မာလန်းနဲ့ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက မန်စီးတီးကနေ ဒေါ့မွန်ဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ သူရဲ့ စီနီယာ ကစားသမားဘဝ စတင်ခွင့် ရရှိခဲ့ရင်း အတောက်ပဆုံးသော ခြေစွမ်းတွေပါ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : BVB Buzz

ဒေါ့မွန်အတွက် (၄)ရာသီနီးပါး ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၅၀)အထိ သွင်းယူထားနိုင်ခဲ့တဲ့ ဆန်ချိုဟာ ၂၀၂၁ခုနှစ်မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အင်္ဂလန်မြေဆီ တစ်ကျော့ပြန် ပြန်သွားခဲ့ပေမယ့် ရုန်းကန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

အခုဆိုရင်တော့ ဆန်ချိုဟာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ အဆင်မပြေ ဖြစ်ခဲ့ရလို့ ပွဲကစားခွင့် မရရှိတဲ့အထိ အခြေအနေဆိုးရွှားလာခဲ့ရသလို လာမယ့် ဈေးကွက်အတွင်းမှာလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေ ရှိနေတဲ့ ဆန်ချိုကို ဂျုဗင်တပ်စ်အသင်းက တောက်လျှောက် စိတ်ဝင်စားနေသလို အသင်းဟောင်း ဒေါ့မွန်ကလည်း သူတို့ရဲ့ ကြယ်ပွင့်ဟောင်း ဆန်ချိုကို အသင်းထံ ပြန်လည် ခေါ်ဆောင်ချင်နေပါတယ်။

ဒေါ့မွန်အနေနဲ့ ဆန်ချိုကို အသင်းဆီ အပြီးသတ် ခေါ်ယူသွားချင်နေတာကြောင့် အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား မာလန်းနဲ့ ဆန်ချိုကို ကစားသမား အလဲအလှယ် swap deal ပုံစံမျိုးနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဒါကိုလည်း ယူနိုက်တက်ဘက်ကနေ လက်ခံသွားနိုင်တယ်လို့ သိရှိရပါတယ်။