လာမယ့်ဘောလုံးရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုရဖွယ် ရှိလို့နေတဲ့ ထိပ်တန်းတိုက်စစ်ကစားသမားဖြစ်သူ အာလင်းဟာလန်းရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ဒေါ့မွန်အသင်းဟာ တိုက်စစ်ကစားသမားတွေကို ရှာဖွေလျက်ရှိနေပြီး လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေရတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမိုဗာနာကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ နာမည်ကျော် ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ သူရဲ့ဂိုးသွင်းစွမ်းရည်ကို အကောင်းဆုံး ပြသထားနိုင်တာကြောင့် သူ့ကို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေကြပြီး သူရဲ့စာချုပ်လျော်ကြေးဟာလည်း ဒီနှစ်ဘောလုံးရာသီအပြီးမှာ စတင်အကျိုးသက်ရောက်မှာ ဖြစ်တာမို့ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ဟာလန်းကို အသင်းကနေ လက်လွတ်ရဖွယ် ရှိနေပါတယ်။ တကယ်လို့သာ ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို လက်လွတ်ဆုံးရှုံးရမယ်ဆိုရင် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်း တီမိုဗာနာကို ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဗာနာဟာ ပြီးခဲ့တဲ့နှစ် နွေစျေးကွက်အတွင်းကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းက တိုက်စစ်မှူးဟောင်း လူကာကူကို အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူထားလို့ အသင်းမှာ အနာဂတ် ပျောက်ဆုံးရဖို့က သေချာသလောက် ဖြစ်နေရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗာနာကို ဒေါ့မွန်အသင်းဘက်ကနေ စတင်ပစ်မှတ်ထားလာခဲ့ပြီး ဗာနာကိုယ်တိုင်ကလည်း အင်္ဂလန်မြေမှာ မရေမရာ ဖြစ်နေမှုကို အဆုံးသတ်ဖို့အတွက် အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိလာနိုင်ပါတယ်။ ဗာနာဟာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၅၆)ပွဲ ပါဝင်ကစားထားခဲ့ပြီးနောက်မှာ သွင်းဂိုးစုစုပေါင်းက (၁၂)ဂိုးသာ သွင်းယူထားခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်မှာပါ သူပါဝင်ကစားခဲ့တဲ့ (၃၈)ပွဲအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း (၆)ဂိုးသာ ရှိထားခဲ့ရပါတယ်။