ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်က ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ကူဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကူဒက်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ဒေါ့မွန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဒေါ့မွန်က လူငယ်ကြယ်ပွင့် ကစားသမားတွေကို မြေတောင်မြှောက်ပေးလေ့ ရှိတဲ့ နာမည်ကြီးကလပ် တခု ဖြစ်ပြီး သူတို့အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ မာကိုရူးစ် တယောက် ဒဏ်ရာတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်လာရချိန်မှာ အေဂျက်နဲ့အတူ တောက်ပနေတဲ့ ကူဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၂နှစ် အရွယ် ဂါနာလက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကူဒက်က ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်ရဲ့ တိုက်စစ်ကို အဓိက ထမ်းတင်နေရသူ ဖြစ်ကာ ကူဒက်ဟာ အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အေဂျက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကူဒက်ဟာ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ အတိုးအလှုပ် ကောင်းမွန်မှု ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားရာမှာ ကောင်းမွန်မှုတို့ကြောင့် အနာဂတ်မှာ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရပြီး ဥရောပရဲ့ အင်အားကြီးအသင်း တချို့ကလည်း သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဒေါ့မွန်က ကူဒက်ကို တခြား ဥရောပအသင်းကြီးတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ ယခုချိန်ကတည်းက ကြိုးစားနေတာ ဖြစ်ပြီး ကူဒက်ကိုယ်တိုင်ကလည်း သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာတဲ့ ဒေါ့မွန်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က မာကိုရူးစ်ရဲ့ နေရာအတွက် ကူဒက်ကို ရေရှည် အစားထိုးမှု တရပ် အဖြစ် ရှုမြင်နေပြီး ကူဒက်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်ကိုပါ ပေးချေရန် အဆင်သင့် ရှိနေကာ အကယ်၍ ကူဒက်ကသာ သဘောတူမယ် ဆိုရင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ကူဒက်ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သိရပါတယ်။