ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်က လာမယ့် ဆောင်းဈေးကွက်မှာ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဂျေဒန် ဆန်ချိုကို ရာသီဝက်အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၁၇ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ဒေါ့မွန်မှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ဆန်ချိုဟာ ဒေါ့မွန်မှာပဲ လူငယ်ကြယ်ပွင့်အဆင့် ကနေ ထိပ်တန်း ကစားသမား တဦး အဖြစ် ပြောင်းလဲနိုင်ခဲ့သူပါ။

Photo Credit: Goal

ဂျေဒန် ဆန်ချိုက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ၂၀၂၁ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဆန်ချိုက ဒေါ့မွန်မှာ ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တဦး ဖြစ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိအပြီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မကြာသေးမီကလည်း ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ စကားများခဲ့တာကြောင့် အသင်းကနေ ဖယ်ထုတ်ခံထားရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က လာမယ့် ဆောင်းဈေးကွက်မှာ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘိုင်နိုး-ဂစ်တန်ကို အငှားချကာ ဆန်ချိုကို ရာသီဝက်အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဆန်ချိုရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

လက်ရှိမှာ ဒေါ့မွန်အပြင် ဆော်ဒီကလပ် တချို့ကပါ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒေါ့မွန်ဟာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူချင်ရင် ဆန်ချိုရဲ့ လုပ်ခလစာ အပြင် အငှားကြေးကိုပါ တနင့်တပိုး ပေးချေရနိုင်ပါတယ်။