ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ယခု ဆောင်းဈေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် ကစားသမား တဦးနဲ့ ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ ဘယ်နောက်ခံနေရာ အတွက် ချယ်လ်ဆီး လူငယ်ကြယ်ပွင့် မတ်ဆန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် ဘယ်နောက်ခံလူ မတ်ဆန်က ချယ်လ်ဆီးရဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီး ကနေ ဘန်လေဆီ အငှားနဲ့ သွားရောက် ကစားရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မတ်ဆန်က ချယ်လ်ဆီးကနေ ဘန်လေဆီ ပြောင်းရွှေ့ ကစားခဲ့ရာ ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက သူ့ကို ဒီရာသီမှာ အငှားမချတော့ပဲ အသင်းမှာသာ ဆက်ထားခဲ့ပါတယ်။

ဒါပေမယ့် နည်းပြချုပ် ပိုချက်တီနိုရဲ့ လက်အောက်မှာ မတ်ဆန်က ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး မတ်ဆန်ဟာ ရာသီဝက် ကာလအတွင်းမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၁၉၉မိနစ်သာ ကစားထားရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က မတ်ဆန်ကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ချယ်လ်ဆီးက မတ်ဆန်ကို ပေါင် ၃၀သန်း ဝန်းကျင်နဲ့ အပြီးသတ် ရောင်းချချင်နေပေမယ့် ဒေါ့မွန်ကတော့ မတ်ဆန်ကို ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

မတ်ဆန်ကတော့ ချယ်လ်ဆီးမှာ ဆက်နေမယ့် အစား ပွဲထွက်ခွင့် ရမယ့် အသင်းဆီသာ ပြောင်းရွှေ့ချင်နေပြီး မတ်ဆန်ရဲ့ အေးဂျင့်တွေက ဒေါ့မွန်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။