ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံကစားသမား ဆန်ချိုကို အနိမ့်ဆုံး ပေါင်၁၀၀သန်း ရမှသာ လက်လွှတ် သွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်သလို ယခု ဖွင့်လှစ်ခဲ့ပြီ ဖြစ်တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်နိုင်ဖို့ ဒေါ့မွန်အသင်းနဲ့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၃နဲ့ ရာသီ ပိတ်သိမ်းနိုင်ခဲ့ကာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမယ့် မန်ယူအသင်းဟာ စီရိုနယ်ဒို ထွက်ခွာပြီး နောက်ပိုင်းမှာ အားနည်းချက် တစ်ခုလို ဖြစ်နေခဲ့တဲ့ သူတို့အသင်းရဲ့ ညာတောင်ပံ တိုက်စစ်ကို ပြန်လည် ပြင်ဆင်ဖို့အတွက် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဆန်ချိုဘက်ကလည်း မန်ယူအသင်းထံကို ပြောင်းရွှေ့ လိုနေပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ မန်ယူအသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်သလို လက်ရှိ ဘောလုံးရာသီမှာလည်း ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူကာ ၁၇ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လည် ပြောင်းရွှေ့ကာ ကစားသွားဖို့ ဆန္ဒပြင်းပျနေသူပါ။

Photo Credit: The Sun

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ဒေါ့မွန် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ကြားမှာ ဆွေးနွေးမှုတွေဟာ တိုးတက်လျက် ရှိပေမယ့် ဒေါ့မွန် အသင်းဟာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၁၀၀သန်း ရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် မန်ယူအသင်းဘက်က ကိုရိုနာဗိုင်းရပ် ကပ်ဘေးကာလ ဖြစ်နေတာကြောင့် အသင်းရဲ့ အသုံးစရိတ်ကို တတ်နိုင်သမျှ ခြွေတာလိုနေပြီး ဆန်ချိုကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး အဖြစ် ပေါင်၉၀သန်းသာ ပေးချေချင်နေပါတယ်။Sky Sports သတင်းဌာနရဲ့ သုံးသပ်မှုအရတော့ ဒေါ့မွန်အသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ မန်ယူအသင်း ပေးချေလိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ များစွာ ကွာဟလှခြင်း မရှိတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာ ဖြစ်ပေါ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။