ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြားကနေ ပြန်လည်အသက်ဝင်လာခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲကတော့ (၂)ပတ်ဆက်တိုက် အောင်အောင်မြင်မြင်နဲ့ ကျင်းပလာခဲ့ရာ အခုဆိုရင် ပွဲစဉ်(၂၈)အထိ ရောက်ရှိလာခဲ့ပြီး ဒီတစ်ပတ်ကြားရက်မှာပဲ ပွဲစဉ်(၂၈)ကို ကျင်းပမှာဖြစ်ပါတယ်။ ဒီနေ့မှာ ကျင်းပဖြစ်မယ့် ပွဲစဉ်(၂၈)မှာတော့ ဂျာမန်အယ်ဂလက်စီကိုလို့ တင်စားရမယ့် Der Klassiker ပွဲစဉ် ပါဝင်လို့နေပြီး ဒီရာသီ ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ ဘောလုံးပရိသတ်တွေကို ဆွဲဆောင်နိုင်မှာ သေချာနေပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဒေါ့မွန်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ အိမ်ကွင်း(၆)ပွဲလုံးကို အနိုင်ရထားခဲ့ပြီး အဲ့ဒီပွဲတွေထဲမှာ ပီအက်စ်ဂျီအသင်းတောင် ပါဝင်လို့နေတဲ့အပြင် ဘွန်ဒစ်လီဂါ ပြန်လည်စတင်ခဲ့တဲ့ ပွဲစဉ်(၂)ပွဲမှာလည်း (၆)ဂိုးတောင် သွင်းယူထားပါတယ်။ ဒီပွဲမှာတော့ ရှေ့(၂)ပွဲဆက်တိုက် အရန်စာရင်းမှာပဲ ပါဝင်ခဲ့တဲ့ ဆန်ချိုကို ပြန်လည်ပွဲထုတ်လာနိုင်ပြီး ဆန်ချို သော်ဂန်ဟာဇက်နဲ့ ဟာလန်းတို့ တိုက်စစ်ကို မြင်တွေ့လာရနိုင်ပြီး ကွင်းလယ်မှာလည်း အမ်မရီချန်ကို အသုံးပြုလာနိုင်ပါတယ်။ ဒေါ့မွန်က ဒီရာသီ အိမ်ကွင်းရှံးပွဲလုံးဝမရှိသေးတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Photo Credit : Getty Image

ဘိုင်ယန်ကလည်း ဒေါ့မွန်လိုပဲ ပွဲစဉ်(၂)ပွဲလုံးကို အနိုင်ရထားသလို အမှတ်ပေးဇယားထိပ်မှာလည်း ဒေါ့မွန်ကို ရမှတ်(၄)မှတ်ဖြတ်တောက်ပြီး ရပ်တည်လို့နေပါတယ်။ ဒါ့အပြင် ဘိုင်ယန်ဟာ မိုချန်ဂလာဘတ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအဝေးကွင်း(၈)ပွဲဆက်တိုက်ကို အနိုင်ကစားထားခဲ့ပါတယ်။ အဲ့ဒီပွဲတွေမှာ ရှော်ကေးကို အနိုင်ရခဲ့တဲ့ပွဲကလွဲရင် (၁)ပွဲကို အနည်းဆုံး(၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဒီပွဲမှာတော့ ပါရီဆစ်ကို ချန်လှပ်ပြီး နာဘရီနဲ့ကိုမန်းတို့ကိုပဲ တောင်ပံတွေမှာ သုံးလာနိုင်ပါတယ်။ တခြားနေရာတွေမှာတော့ အပြောင်းအလဲမရှိ ပွဲထုတ်လာနိုင်ပါတယ်။

Photo Credit : Getty Image

ဒီ(၂)သင်းဟာ ပထမအကျော့ ဘိုင်ယန်ကွင်းမှာ ဆုံတွေ့ခဲ့စဉ်တုန်းက အိမ်ရှင်ဘိုင်ယန်က (၄)ဂိုးပြတ်နဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ နောက်ပြီး ဒီအသင်း(၂)သင်း တွေ့ဆုံမှုမှာ ဘိုင်ယန်ကပဲ အသာစီးရယူထားနိုင်ခဲ့သလို ဘိုင်ယန်ရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း သွင်းဂိုးတွေကို ဆက်တိုက်ရယူထားနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိတွေ့ဆုံမှုက ဒေါ့မွန်အတွက် ပိုပြီးအရေးကြီးသလို အိမ်ရှင်အားသာချက်လည်းရှိနေတဲ့အပြင် လတ်တလော အသင်းလိုက်ကစားဟန် ပိုကောင်းနေတဲ့ ဒေါ့မွန်ကို ပိုသဘောကျမိပါတယ်။