ဥရောပရပ်ဝန်းမှာ လူငယ်ကစားသမားတွေရဲ့ အိမ်မက်အသင်းတစ်သင်း ဖြစ်နေတဲ့ ဒေါ့မွန် အသင်းဟာ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ထုတ်ရောင်းလေ့ရှိပေမယ့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ရေပန်းစားနေတဲ့ လူငယ် တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဂျာမဏီသတင်းစာတွေက ဖော်ပြသွားခဲ့ပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတ​ဲ့ ဆန်ချိုဟာ လက်ရှိအချိန်မှာ ထိပ်တန်းအသင်းကြီး များစွာရဲ့ ပစ်မှတ် ကစားသမားတစ်ဦးဖြစ်နေပြီး လတ်တလောမှာ သူ့ကို ခေါ်ယူဖို့အတွက် မန်ယူ အသင်း ၊ ချယ်လ်ဆီးအသင်းတို့က အပြိုင် ကြိုးစားနေကြတာလဲ ဖြစ်ပါတယ်။

Photo Credit: Express.com

အသက်၂၀အရွယ် ဂျေဒန်ဆန်ချိုဟာ မန်စီးတီးအသင်းရဲ့ လူငယ်အကယ်ဒမီမှာကတည်းက တောက်ပခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် မန်စီးတီးအသင်းမှာ ဆက်ရှိနေရင် ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူပါ​။ ဒေါ့မွန်အသင်းထံကို ရောက်ရှိအပြီးမှာတော့ ဆန်ချို ဟာ ဒေါ့မွန်အသင်းရဲ့ ချန်လှပ်လို့မရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာပြီး ဆန်ချိုရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ပူလီဆစ်ကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းထံကို ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ဆန်ချိုကလည်း သူ့အပေါ် ယုံကြည်မှုတွေအတွက် လက်ရှိဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံး ပေးဆပ်နေပြီး ဘွန်ဒက်လီဂါပွဲစဉ် ၂၃ပွဲ ကစားထားရာမှာ ၁၄ဂိုးသွင်းယူပေးထားပြီး ၁၅ဂိုး ဖန်တီး ပေးထားနိုင်ပါတယ်။

Photo Credit: Express.com

လတ်တလောမှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ အတော်လေးကို ကြိုးစားနေပြီး ဆန်ချိုဘက်ကလည်း အင်္ဂလန်အသင်းဖော် အများစုရှိတဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ မျက်စိကျနေပါတယ်။ ဂျာမဏီသတင်းစာတွေ ကတော့ ဒေါ့မွန်အသင်းဟာ ကိုရိုနာဗိုင်းရပ် ဂယက်ကြောင့် ဆန်ချိုကို ရောင်းချရာမှာ သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရမှာကို စိုးရိမ်နေတယ်လို့ ဖော်ပြခဲ့ကြပြီး တစ်ဆက်တည်းမှာပဲ ဆန်ချိုကို တစ်နှစ်လုပ်ခ ယူရို၁၀သန်း ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ ပူးတွဲ ဖော်ပြထားကြပါတယ်။ အကယ်၍ ဆန်ချိုကသာ အဆိုပါ စာချုပ်သစ်ကို လက်ခံခဲ့ရင် ဒေါ့မွန် အသင်းမှာ အသင်းခေါင်းဆောင် မာကိုရူးစ်ရဲ့နောက် ဒုတိယလစာအများဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။