အပြောင်းအရွှေ့စျေးကွက် မဖွင့်ခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ကို ယူနိုက်တက်အသင်းရဲ့မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် ဘွန်ဒစ်လီဂါရဲ့ နာမည်ကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကပါ ဂရီးလစ်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့လာပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂရီးလစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာမှ ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပါ ထုတ်ဖော်ပြသနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းကြီးတွေကနေ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပြီး ဂရီးလစ်ကိုယ်တိုင်ကလည်း လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်လို့နေပါတယ်။ လတ်တလောမှာ မန်ယူနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဂရီးလစ်ကို ပရီးမီးယားလိဂ် ပြင်ပအသင်းဖြစ်တဲ့ ဒေါ့မွန်ကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Daily Express

ဒေါ့မွန်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာဖြစ်လို့ လာမယ့်ရာသီမှာ အသင်းကို ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ပြန်လည်ရောက်ရှိလာအောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ချင်တာကြောင့် ဂရီးလစ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ့မွန်အသင်းဟာ ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဂျိတ်ဘယ်လင်ဟမ်ကိုလည်း မန်ယူအသင်းနဲ့အပြိုင် ကမ်းလှမ်းထားရာ အခုဆိုရင် အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ အခြေအနေကောင်းလျက်ရှိနေပါတယ်။ ဒေါ့မွန်အသင်းက မကြာသေးခင်ကလည်း ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ သောမတ်စ်မြူနီယာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး ဂျုဗင်တပ်စ်အသင်းကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား အမ်မရီချန်ကိုလည်း အပြီးသတ်ခေါ်ယူထားခဲ့ပါတယ်။