ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ဂိုးသမား ဖြစ်သူ ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဥရောပ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ စပါးအသင်းတို့ ပါဝင်လာကြောင်း ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပြီး မကြာခင်ကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နာမည်ရလာတဲ့ လူငယ် ဂိုးသမားတဦး ဖြစ်ပြီး ရှက်ဖီးလ်အသင်းနဲ့အတူ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် ၊ ဂျူဗင်တပ် စတဲ့ အသင်းကြီးတွေက စောင့်ကြည့်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဟန်ဒါဆန်ဟာ အသင်းရဲ့ သက်တော်ရှည် ကစားသမားဖြစ်တဲ့ ဒီဂီယာနဲ့အပြိုင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို လုနေရပြီး အသင်းအတွက် ၂၅ပွဲ ပါဝင် ကစားထားချိန်မှာ သွင်းဂိုး ၂၁ဂိုးသာ ခွင့်ပြုထားရကာ ပေးဂိုးမဲ့တဲ့ပွဲ ၅ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်းမှာ ကာလရှည် ကစားနိုင်မယ့် ထိပ်သီး ဂိုးသမားတဦး လိုအပ်နေတဲ့ စပါးအသင်းနဲ့ လူငယ်ကြယ်ပွင့်တွေကို နေရာပေးတတ်တဲ့ ဒေါ့မွန်အသင်းတို့ဟာ ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြတာပါ။

Photo Credit: Metro

 

နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟန်ဒါဆန်ကို ခေါ်ယူဖို့ အတွက် ကနဦးမှာ အေစီမီလန် ၊ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့် လက်ရှိမှာတော့ စပါးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ပါ ဟန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးစားလာမယ့် အနေအထားမှာ ရှိကာ အဆိုပါ ၄သင်းစလုံးဟာ ဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေကြကြောင်း သိရပါတယ်။ စပါးအသင်းဟာ အသင်းရဲ့ ဝါရင့်ဂိုးသမား ဖြစ်သူ အသင်းခေါင်းဆောင် လိုရစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဂိုးသမားတဦးကို ရှာဖွေနေတာ ဖြစ်သလို ဒေါ့မွန်အသင်းကလည်း အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဂိုးသမား နေရာကို ပြင်ဆင်နိုင်ဖို့ လူငယ်ကြယ်ပွင့် ဂိုးသမား ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဟန်ဒါဆန်ကို ရောင်းချဖွယ် မရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။