ဂျာမဏီဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ လက်ရှိ ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြထားသလို လာမယ့်နွေရာသီမှာလည်း အသင်းပြောင်းဖို့ တာဆူနေတဲ့ အသင်းရဲ့လူငယ် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူချင်တဲ့အသင်းတွေ ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီ လို့ သိရှိရပါတယ်။ ဂျာမဏီအခြေစိုက် ထိပ်တန်း သတင်းဌာနတွေရဲ့ အဆိုအရတော့ ဒေါ့မွန်ဟာ ဆန်ချိုကို ရောင်းချရာမှ ပြောင်းရွှေ့ကြေး ပေါင် ၁၄၀သန်းကို ရရှိလိုနေတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

Photo Credot: Standard.com

အသက်၁၉နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုဟာ လာမယ့် နွေရာသီမှာ ကျင်းပပြုလုပ်မယ့် ယူရို၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရဖို့ ကျိန်းသေနေသူတစ်ဦးဖြစ်သလို သူဟာ လက်ရှိ ဆယ်ကျော်သက် ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဆန်ချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကဦးဆောင်နေရသူ တစ်ဦးဖြစ်ပြီး ဂျာမဏီ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၄ပွဲ ပါဝင်ကစားထားရာမှာ ၁၄ဂိုးသွင်းယူထားပြီး ၁၄ဂိုးဖန်တီးပေးထားသူဖြစ်ကာ သူ့ကို ခေါ်ယူဖို့ လက်ရှိမှာ ထိပ်တန်း အသင်းတွေက စောင့်ကြည့်နေကြပါတယ်။

Photo Credit: Standard.com

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ပြီဖြစ်တယ်လို့ သိထားရပြီး လက်ရှိမှာ ဒေါ့မွန်အသင်းဘက်က သတ်မှတ်ခဲ့တဲ့ ပြောင်းရွှေ့ကြေးကြောင့် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားထဲမှာ ပြောင်းရွှေ့ကြေးကိစ္စကို အတော်လေး ဆွေးနွေးရဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းအပြင် ချယ်လ်ဆီး ၊ လီဗာပူးလ် ၊ ရီးရဲလ်စတဲ့ အသင်းတွေက စိတ်ဝင်စားနေကြတာကြောင့် ဆန်ချိုတစ်ယောက် ဘယ်အသင်းဆီ ရောက်သွားမလဲဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။